၃၀. ၃ .၂၀၂၄
Written by Hey Mar

လူပျောက်လို့ ပရဟိတအသင်းတွေဆီ ရှာဖွေပေးဖို့ မိသားစုက အကူအညီတောင်းခံထားတဲ့သူတစ်ဦးကို ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်ပြီး တောင်စောင်းအောက် ချုံထဲ ပစ်ချခံထားရတဲ့အလောင်းအဖြစ် ဒီနေ့ မတ်လ ၃၀ ရက်နေ့မနက်အစောပိုင်းက ဒေသခံပရဟိတအသင်းတွေက ရှာဖွေတွေ့ရှိခဲ့တဲ့ဖြစ်စဥ် မွန်ပြည်နယ် သထုံမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်၊ သာသနာလမ်းနေ ကိုရဲဝင်းထွန်း အသက်(၄၃)နှစ်ဟာ မနေ့က မတ်လ ၂၉ ရက်နေ့ ညနေပိုင်းလောက်က အလုပ်ကိစ္စချိန်းထားလို့ လက်ဖက်ရည်ဆိုင်သွားမယ်ဆိုပြီး ထွက်သွားရာကနေ ညဥ့်နက်တဲ့အထိ ပြန်ရောက်မလာတာကြောင့် နယ်မြေအခြေအနေ မအေးချမ်းတဲ့ ကာလမို့ မိသားစုက လူမှုကူညီရေးအသင်းတချို့ကို ကူညီရှာဖွေဖို့ လာရောက်အကူအညီတောင်းခံလာတယ်လို့ သိရပါတယ်။

“သေဆုံးသူရဲ့ မိသားစုတွေက အသင်းကနေ လူပျောက်ပို့စ် တင်ပေးပါဆိုပြီး ည ၉ နာရီလောက်က အကူအညီလာတောင်းတယ်။ ကူညီရှာဖွေပေးကြရင်းနဲ့ မနက် ၅ နာရီလောက်မှာ သူသွားထိုင်နေကြ လက်ဖက်ရည်ဆိုင်နဲ့ မနီးမဝေး တောင်စောင်းအောက် ခြုံထဲကနေ အလောင်းပြန်တွေ့တာပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးချက်အရ ဒဏ်ရာ ၁၇ ချက်လောက် ခန္ဓာကိုယ်မှာ ရရှိသေဆုံးနေတာပါ။ သူနဲ့ ပါသွားတဲ့ ဆိုင်ကယ်တို့၊ ဖုန်းတို့ ဘာတစ်ခုမှ မပျောက်ပါဘူး အကုန်ဒီအတိုင်း ပြန်တွေ့ပါတယ်”လို့ ကူညီရှာဖွေရာမှာ ကြုံတွေ့ရတဲ့ ဖြစ်စဥ်ကို ပီတိနှလုံးသား ပရဟိတအသင်းက MT News ကို ပြောပါတယ်။

အသတ်ခံရသူ ကိုရဲဝင်းထွန်းရဲ့ ရုပ်အလောင်းကို အကောင်းကြိုက်လက်ဖက်ရည်ဆိုင်ရဲ့ အနောက်ဘက် သက္ကသွားတော လမ်းဘေး တောင်စောင်းအောက်က မြောင်းထဲမှာ ပြန်လည်တွေ့ရှိရတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအပြီး ဖြစ်စဥ်နေရာကနေ သိမ်ဆိပ်တိုက်နယ်ရင်ခွဲရုံဆီ ပီတိနှလုံးသား လူမှူကူညီရေးအသင်းက ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *