April 30, 2024

၃၀. ၃. ၂၀၂၄
Written by Thettant

မတ်လ ၂၉ ရက် ရွှေစျေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သား ၄၅၄၀၀၀၀ နဲ့ပိတ်သွားပြီး ဒီနေ့မနက်မှာလည်း အဲဒီစျေးဝန်းကျင်နဲ့ စျေးဆက်ဖွင့်တယ်လို့ သတင်းထွက်ပေမဲ့လည်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)ကတော့ ရွှေစျေးဟာ အပြင်မှာသတင်းထွက်နေသလို ၄၅၃၀၀၀၀၀ အထိမပေါက်ဘဲ ၃၈ သိန်းခွဲဝန်းကျင်သာရှိနေတယ်လို့ ထုတ်ပြန်လာသလို လေပတ်ကားစျေးကစားသူတွေကို တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးနေတယ်လို့လည်း ဒီမနက်မှာ ပြောလာပါတယ်။

YGEA ဟာ ရွှေဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ ရွှေဈေးနှုန်း အခြေအနေတွေကို ရန်ကုန်မြို့က ရွှေဆိုင်ကြီး (၇) ဆိုင်ထံက စုစည်းရယူပြီး နေ့စဉ် YGEA ဈေးကွက်ဈေးနှုန်း (Market Rate) အဖြစ် ၁၀ နာရီ၊ ၁၂ နာရီခွဲနဲ့ ၂ နာရီခွဲတို့မှာ တစ်နေ့လျှင် (၃) ကြိမ် ထုတ်ပြန်ကြေညာပေးနေတာပါ။

ဒီနေ့ မတ်လ ၃၀ ရက်မှာဖြစ်ပေါ်တဲ့ ရွှေဈေးနှုန်းအခြေအနေက ၁၆ ပဲရည် ရွှေ ၁ ကျပ်သား ၃,၈၃၄,၈၀၀/- ကျပ်ဖြစ်ပြီး ရွှေဈေးကွက်ဈေးနှုန်းဟာ ဒီနေ့ထုတ်ပြန်နဲ့(၃) ကြိမ်အတွင်း ပြောင်းလဲမှု မရှိဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ ရွှေဈေးကွက်ကို ကမောက်ကမဖြစ်စေလိုတဲ့ မသမာသူတွေ၊ လေပတ်ကား ရောင်းဝယ်သူတွေ၊ ပွဲစားတွေက ရွှေဈေးနှုန်း မတန်တဆမြင့်တက်စေဖို့အတွက် ဈေးကွက် အတွင်း အရောင်းအဝယ်မရှိတဲ့ ဈေးနှုန်းတွေကို သတင်းထုတ်လွှင့်ပြီး ဈေးကစားနေတာ တွေ့ရတယ်လို့ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဟာ ဒီလိုမျိုး မသမာတဲ့ ဆောင်ရွက်ချက်တွေကို ကန့်ကွက်ရှုတ်ချပြီး YGEA အသင်းဝင်တွေကလည်း မသမာမှုတွေ့ရှိရင် သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေထံ သတင်းပေးပို့သွားရမယ်လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့က ရွှေဈေးကွက်မှာ လေပတ်ကားရောင်းဝယ် ဆောင်ရွက်နေတယ်လို့ သံသယရှိသူတွေကို တာဝန်ရှိအဖွဲ့အစည်းတွေက ခေါ်ယူစစ်ဆေးလျက်ရှိတယ်လို့ YGEA က ပြောသလို ရွှေဆိုင်တွေ မိဘပြည်သူတွေကလည်း YGEA က ထုတ်ပြန်တဲ့ ဈေးကွက်ရွှေဈေးနှုန်းအတိုင်း ရောင်းဝယ်ကြဖို့နဲ့ လေပတ်ကား ရောင်းဝယ်သူနဲ့ပွဲစားတွေရဲ့ မသမာတဲ့ စိတ်ဓာတ်နဲ့ ရွှေဈေးနှုန်း ကမောက်ကမဖြစ်စေဖို့ ဆောင်ရွက်မှုမှာ ပါဝင် ပတ်သက် ခြင်းမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ဖို့လည်း YGEA ကပြောပါတယ်။

မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ရွှေစျေးဟာ အပိတ်စျေးမှာ ၄၅၄၀၀၀၀ နဲ့ ပိတ်သွားပေမဲ့ YGEA စျေးက ၃၈၁၁၀၀၀ ပဲရှိလို့ ကျပ် ၇ သိိန်းကျော် ဆွဲတင်ခဲ့သလို ဒေါ်လာစျေးကလည်း ၃၉၀၀ ကျပ် ဝန်းကျင်ရှိခဲ့ပါတယ်။ ဒီနေ့မနက်မှာတော့ ရွှေစျေးက ကျပ် ၄၃၂၀၀၀၀ ပတ်လည်မှာ စျေးကစားနေပြီး ဒေါ်လာစျေးကတော့ ၃၈၇၀ ပတ်လည်မှာ စျေးကစားနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News