April 28, 2024

၂၉. ၃. ၂၀၂၄
Written by Pan Ei

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ဟာ သူတို့ရဲ့ပထမဆုံးလျှပ်စစ်ကားကို ဘေဂျင်းမှာ ကြာသပတေးနေ့ (မတ်လ၂၈ ရက်) က စတင်မိတ်ဆက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးကားစျေးကွက်ထဲမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကဏ္ဍတစ်ခုဆီ ခေါ်ဆောင်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ နည်းပညာကုမ္ပဏီကြီးရဲ့အမှုဆောင်အရာရှိချုပ် Lei Jun က ပုံမှန်ဆီဒင်ကား SU7 မော်ဒယ်ကို ယွမ် ၂၁၅,၉၀၀ (အမေရိကန်​ဒေါ်လာ ၂၉,၈၇၂) နဲ့ စွမ်းရည်ပိုမြင့်တဲ့ SU7 Max ဗားရှင်းက ယွမ် ၂၉၉,၉၀၀ ကျသင့်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Xiaomi ရဲ့ လျှပ်စစ်ကားတွေကို စတင်မိတ်ဆက်ပြီး ပထမ ၂၇ မိနစ်အတွင်း အမှာစာ ၅၀,၀၀၀ ကျော် ရရှိခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့သလို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရောင်းအားတိုးတက်မှု နှေးကွေးနေတဲ့အချိန် Xiaomi က လျှပ်စစ်ကားစျေးကွက်ထဲကို ဝင်ရောက်လာခဲ့ပြီး ဈေးနှုန်းစစ်ပွဲကို ဖြစ်ပေါ်စေခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့လျှပ်စစ်ကားလောကထဲမှာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ များစွာရှိနေပြီဖြစ်ပေမဲ့ Xiaomi ဟာ ခုလိုလှုပ်ရှားမှုကနေတစ်ဆင့် Tesla နဲ့ BYD အပါအဝင် ပြိုင်ဖက်လျှပ်စစ်ကားကုမ္ပဏီတွေကို အပြိုင်လိုက်နေနိုင်တာကို မြင်တွေ့ရပါတယ်။

ဒါ့အပြင် Xiaomi ရဲ့ အခုပွဲဦးထွက် လျှပ်စစ်ကားဟာ တရုတ်နိုင်ငံမှာ ယွမ် ၂၄၅,၉၀၀ နဲ့ စတင်ရောင်းချခဲ့တဲ့Tesla ရဲ့ Model 3 လျှပ်စစ်ကားနဲ့ နှိုင်းယှဉ်နိုင်ပြီး တချို့သော ကဏ္ဍတွေမှာ အမေရိကန် ထုတ်လုပ်သူ Tesla ရဲ့ ဆီဒင်ကို သာလွန်ကြောင်း ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ Lei က ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီရဲ့ပရီမီယံစမတ်ဖုန်းတွေကို အသုံးပြုသူ သန်း ၂၀ လောက်ရှိတဲ့ Xiaomi ဟာ ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူဖြစ်ပြီး အဆိုပါကဏ္ဍက အတွေ့အကြုံတွေက လျှပ်စစ်ကားအတွက် နည်းဗျူဟာကို ပုံဖော်ရာမှာ အထောက်အကူဖြစ်စေခဲ့တာလည်း ဖြစ်ပါတယ်။

Xiaomi ဟာ လာမဲ့ ၁၀ နှစ်အတွင်း သူ့ရဲ့မော်တော်ယာဉ်လုပ်ငန်းမှာ ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြောကြားထားသလို Xiaomi-branded ကားတွေကို ဘေကျင်းစက်ရုံမှာ နှစ်စဉ် ကားအစီးရေ ၂ သိန်းလောက်ထုတ်လုပ်နိုင်တဲ့ စွမ်းရည်ရှိတဲ့ နိုင်ငံပိုင် ကားထုတ်လုပ်သူ BAIC Group က ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *

Related News