April 29, 2024

၂၉. ၃. ၂၀၂၄
Written By Thandar

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့(ဗဟို)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ မြန်မာနိုင်ငံ အိမ်၊ ခြံ ၊ မြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း (ရန်ကုန်တိုင်း)တို့က ပူးပေါင်းကျင်းပတဲ့ AML/CFT ဆိုင်ရာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာတွေနဲ့ အိမ်၊ခြံ၊မြေ အကျိုးဆောင်များဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မတ် ၂၉ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel မှာ ကျင်းပခဲ့ပါတယ်။

“ကျင်းပတဲ့ အခမ်းအနားကတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ အဲဒီညွှန်ကြားချက်မှာ အိမ်ခြံမြေ အသက်မွေးဝမ်း ကျောင်းပြုမယ့်သူဟာ အိမ်ခြံမြေအကျိုးဆောင် မှတ်ပုံ တင်ရပါမယ်။ အဲဒီလို မှတ်ပုံတင်မယ့်အခြေအနေမှာ သင်တန်းတက်ပြီးကြောင်း အောင်လက်မှတ် ပါရှိရပါမယ်။ အဲဒီအတွက် အိမ်ခြံမြေအကျိုးဆောင်တွေကို သင်တန်းတွေ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါတယ်။ အသင်းဝင်တွေအနေနဲ့ သင်တန်းတက်ရောက်ခြင်းကြောင့် အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင်တွေ လျှောက်ထားရရှိမယ်။ သင်တန်း တက်မထားဘူးဆိုရင် အကျိုးဆောင်လိုင်စင်လျှောက်ထားလို့ မရဘူး။ ဒီသင်တန်းမှာမှ အိမ်ခြံမြေရောင်းတဲ့ ဝယ်တဲ့ နေရာမှာ ငွေကြေးခဝါချမှုနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို ပို့ချတာဖြစ်တဲ့အတွက် အခွန်ဥပဒေတွေလည်း သိလာမယ်။ ရောင်းခွန်၊ဝယ်ခွန်၊ တံဆိပ်ခေါင်းခွန် ဘယ်လိုဆောင်ရမလဲဆိုတာ အကျိုးဆောင်တွေ သိလာမယ်။ စာချုပ်စာတမ်း ဥပဒေပို့ချတဲ့အတွက် GP၊ SP တွေ ဘယ်လိုလွှဲမလဲ။ အမွေဆက်ခံဘယ်လိုချုပ်မလဲ။ ပိုင်ဆိုင်မှုအရောင်းအဝယ် စာချုပ်ဘယ်လိုချုပ်မလဲ ဆိုတာ သိရှိလာမှာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း ဗဟိုဒုဥက္ကဋ္ဌ (၂ ) ဦး၀ဏ္ဏစိုးက ပြောပါတယ်။

အဆိုပါ အခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အသင်းသားရေးရာ ကော်မတီ ဒုဥက္ကဋ္ဌဦးတင်ကိုကို၊ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေး အသင်း နာယက ဦးတင်မောင်၊ မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း ဗဟို ဒုဥက္ကဋ္ဌ (၂) ဦး၀ဏ္ဏစိုးတို့ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေး အသင်းအနေနဲ့ AML/CFT ဆိုင်ရာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာတွေနဲ့ အသိပညာပေးဟောပြောပွဲအပြင် သင်တန်းပို့ချမှု ၂၉ ကြိမ်မြောက်ထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News