April 27, 2024

၂၈. ၃. ၂၀၂၄
Written by Hey Mar

ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ်ပျံ့နှံ့သုံးစွဲနေတဲ့ မျက်နှာအရောင်ခြယ် ပစ္စည်း၊ နှုတ်ခမ်းဆိုးဆေးနဲ့ မျက်လုံးအရောင်တင်ပစ္စည်း ၇ မျိုးကို ခဲဓာတ်နဲ့ ဓာတုအရောင်ဆိုးဆေးတွေများစွာပါဝင်လို့ သုံးစွဲရန်မသင့်တဲ့ အလှကုန်ပစ္စည်းတွေအဖြစ် အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သတ်မှတ်လိုက်တဲ့ ထုတ်ပြန်ချက်ကို ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ ကျန်းမာဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

အဲ့ဒီအလှကုန်တွေက Y-CID DIAMOND METEOR EYE SHADOW BALL,I U BEAUTY LIP GLOSS,MILA COLOUR PRIMER EYEBOW,KISS BEAUTY BLUSH POWER,SUNSET BEAUTY EYE SHADOW PALETTE, MILA COLOUR PEACH SWEET PALETTE & MAKE UP, MILA COLOUR FRESH LEMON 10 COLOUR EYE SHADOW PALETTE စတဲ့ အမှတ်တံဆိပ်တွေလို့ သိရပါတယ်။

အဆိုပါပစ္စည်းတွေက ထိုင်းနဲ့ တရုတ်က ထုတ်လုပ်တင်သွင်းတာတွေလည်းရှိသလို ထုတ်တဲ့ နိုင်ငံကိုဖော်ပြမထားတဲ့ အလှကုန်ပစ္စည်းတွေလည်းပါဝင်ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာတရားဝင်မှတ်ပုံတင်ထားခြင်းလည်းမရှိသလို ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေများစွာ ပါဝင်နေတဲ့အတွက် သုံးစွဲရန်မသင့်ကြောင်း အသိပေးထားပါတယ်။

အဲ့ဒီအလှကုန်ပစ္စည်းတွေမှာ အများဆုံးတွေ့ရတဲ့ ဓာတုပစ္စည်းတွေက Rhodamine B နဲ့ Lead chemical အမျိုးအစားတွေဖြစ်ပြီး Rhodamine B ဟာ အရောင်ဆိုးဆေးတစ်မျိုးဖြစ်ကာ အစားအသောက်နဲ့ ခန္ဓာကိုယ်အတွက်သတ်မှတ်ထားတဲ့ ဓာတုဗေဒပစ္စည်းမဟုတ်တဲ့အတွက် လူခန္ဓာကိုယ်မှာ မှာသုံးစွဲမိရင် ကျောက်ကပ်နဲ့ အသည်းကို ပျက်စီးစေပြီး အစာအိမ်အကျိတ်ဖြစ်နိုင်ချေကို တိုးမြင့်စေကာ ကင်ဆာဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

အလားတူ Leadchemical ကလည်း ခဲဓာတ်ဖြစ်တဲ့အတွက် ခန္ဓာကိုယ်မှာခဲဓာတ်မြင့်မားစွာထိတွေ့မိပါကသွေးတိုးခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေနဲ့ ကျောက်ကပ်ပျက်စီးခြင်း အပါအဝင် အရွယ်ရောက်ပြီးသူတွေမှာမျိုးဆက်ပွားကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သုံးစွဲမိပါက ကိုယ်ဝန်ပျက်ကျခြင်း၊ သားသေမွေးဖွားခြင်းနဲ့ လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေတွေ အပါအဝင် ကိုယ်အလေးချိန်နည်းခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

တားမြစ်အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီနဲ့ အလှကုန်လက်လီလက်ကားဆိုင်တွေအနေနဲ့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်းမရှိဘဲ သုံးစွဲရန်မသင့်လို့ ကြေညာထားတဲ့ပစ္စည်းတွေ ရောင်းချတာကို ကျင့်ဝတ်အရ (လုံးဝ) မပြုလုပ်ရန်နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် ၃ (ဃ) အရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *