April 27, 2024

၂၈. ၃. ၂၀၂၄
Written by Nay Moe

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကမာဆိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ လူနာတွေတင်ဆောင်မောင်းနှင်လာတဲ့ကားကို PDF တွေက မိုင်းခွဲပြီး ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် လူနာတစ်ဦးနဲ့ ယာဉ်မောင်းတို့ မိုင်းစ၊ ကျည်စထိမှန်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဖြစ်စဥ်က မတ်လ ၂၇ ရက် ည ၈ နာရီခွဲအကျော်မှာ သထုံမြို့ကနေ ရန်ကုန်မြို့ကို လူနာပို့ဆောင်မဲ့ အကြင်နာတွဲလက် လူနာတင်ယာဉ်ဟာ ည ၁၀ နာရီခွဲလောက်မှာ ကမာဆိုင်ကျေးရွာနားအရောက် PDF တွေက မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ကြတာပါ။

“အဲဒီလမ်းမှာ PDF တွေက ညဘက်ထွက်လာရင် စောင့်ပစ်ကြတာ၊ မိုင်းခွဲတာ ခဏခဏလုပ်တယ်။ အခုလည်း လူနာတင်ကားကို စစ်ကြောင်းကားထင်ပြီး မိုင်းခွဲကြ၊ ဝိုင်းပစ်ကြတာ။ အခုတော့ လူနာတွေက မစိုးရိမ်ရတော့ပါဘူး။ ကားကတော့ တော်တော့်ကိုပျက်စီးသွားတယ်” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် လူနာတင်ကားရဲ့ ကားမှန်တွေ ကွဲသွားပြီး အရှေ့နဲ့ အနောက်ညာဘက်ဘီးတွေ၊ ကားညာဘက်တစ်ခြမ်းလုံးနဲ့ ကားရေတိုင်ကီ ပျက်စီးခဲ့သလို PDF တွေ ပစ်ခတ်တာကြောင့် လူနာတင်ကားပေါ် လိုက်ပါလာတဲ့ လူနာနဲ့ပရဟိတသမား ခြောက်ဦးထဲက ယာဉ်မောင်းအမျိုးသားဟာ တင်ပါး၊ နှာခေါင်း သေနတ်ရှပ်ထိ ဒဏ်ရာ၊ ဘယ်ဘက်ရင်အုံနဲ့ မေးအောက် မိုင်းစထိမှန်ဒဏ်ရာတွေရရှိခဲ့သလို လူနာတစ်ဦးကလည်း ဒူးခေါင်း ကျည်ရှပ်ထိဒဏ်ရာ ရရှိခဲ့တာပါ။

ပုံစာ။ PDF များ မိုင်းခွဲပစ်ခတ်ခံရသည့် လူနာတင်ကားနှင့် ထိခိုက်သူများမြင်ကွင်း(Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *