April 27, 2024

၂၈. ၃. ၂၀၂၄
Written by Pan Ei

အစားအသောက် ဖြည့်စွက်အားဆေးထုတ်လုပ်တဲ့ ဂျပန်ဆေးကုမ္ပဏီတစ်ခုဟာ သူတို့ထုတ်တဲ့ ဆေးတွေနဲ့ ဆက်နွှယ်နိုင်ခြေရှိတဲ့ လူသေဆုံးမှုနှစ်ခုကို ကြာသပတေးနေ့ (မတ် ၂၈ ရက်) မှာ ဖော်ပြခဲ့ပြီးနောက် အဆိုပါဆေးပြားတွေကြောင့် ဂျပန်မှာ သေဆုံးသူ ၄ ဦးအထိရှိလာခဲ့ပြီဖြစ်သလို လူရာနဲ့ချီ ဆေးရုံတင်ထားရပါတယ်။

အိုဆာကာအခြေစိုက် Kobayashi Pharmaceutical လို့အမည်ရတဲ့ ဂျပန်ဆေးကုမ္ပဏီက ထုတ်တဲ့ အနီရောင်ဆန်ကြမ်းကို အချဉ်ဖောက်ပြီး ပြုလုပ်ထားတဲ့ အဲ့ဒီဆေးပြားတွေဟာ ကိုလက်စထရောကို လျှော့ချပေးတယ်လို့ ယူဆကာ လူတွေက သောက်သုံးနေကြတာဖြစ်ပြီး ဆေးကုမ္ပဏီကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကစကာ အဲ့ဒီဆေးနဲ့ ဆက်နွှယ်တဲ့ ဆေးတွေကို ပြန်လည် သိမ်းဆည်းခဲ့ပါတယ်။

ဒီနေ့ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီရဲ့ထုတ်ပြန်ချက်နဲ့အတူ ကျန်းမာရေးဝန်ကြီးဌာနကလည်း စုံစမ်းစစ်ဆေးမှုအရ အဆိုပါဆေးသောက်သုံးမိသူတွေထဲမှာ သေဆုံးသူ စုစုပေါင်း လေးဦးအထိ ရှိလာပြီး အခြားလူ ၁၀၀ ကျော် ဆေးရုံတင်ထားရတယ်လို့ အတည်ပြုခဲ့ပါတယ်။

အဆိုပါ ဖြည့်စွက်စာဆေးကိုသောက်သုံးမိသူတွေထဲက သေဆုံးခဲ့သူတစ်ဦးမှာ ဆေးကို ၃ နှစ်လောက်စွဲသောက်ခဲ့သူတစ်ဦးဖြစ်ပြီး ကျောက်ကပ်ရောဂါနဲ့ ဆုံးပါးခဲ့တယ်လို့ သိရပါတယ်။

ဆေးဘက်ဆိုင်ရာလေ့လာမှုတွေအရ အနီရောင်ဆန်ကြမ်းကို အချဉ်ဖောက်ပြီး ဖော်စပ်ထားတဲ့ အဲ့ဒီဆေးတွေက ကိုလက်စထရောမြင့်မားမှုကို လျှော့ချဖို့အတွက် ဆရာဝန်တွေ ပုံမှန် ညွှန်းလေ့ရှိတဲ့ ဆတက်တင်ဆေးပြားတွေအစား အခြားရွေးချယ်စရာတစ်ခုအဖြစ် ဖော်ပြခဲ့ပေမဲ့ သူ့ရဲ့ ဓာတုဗေဒပစ္စည်းအပေါ် မူတည်ပြီး ကိုယ်တွင်းအင်္ဂါတွေပျက်စီးနိုင်ခြေကိုလည်း သတိပေးထားပါတယ်။

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနကတော့ ထုတ်ကုန်တွေမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေပါဝင်တယ်လို့ သံသယရှိပေမဲ့ ဆေးကုမ္ပဏီကတော့ အခုအချိန်အထိ တိကျတဲ့အကြောင်းရင်းကို မဖော်ထုတ်နိုင်သေးပါဘူး။

အနီရောင်ဆန်ကြမ်းကို အချဉ်ဖောက်ရာက Citrinin လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခု ထွက်ပေါ်လာနိုင်ပြီး Citrinin က အဆိပ်အတောက် ဖြစ်စေကာ ကျောက်ကပ်ကို ထိခိုက်စေနိုင်တာကြောင့် ဆေးပြားထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း Citrinin ပါဝင်မှုကြောင့် အခုလို လူသေဆုံးမှုတွေ ဖြစ်နိုင်တယ်လို့ တချို့မီဒီယာတွေက ထောက်ပြခဲ့ကြပေမဲ့ ဆေးကုမ္ပဏီကတော့ သူတို့ထုတ်ကုန်တွေမှာ Citrinin မပါရှိဘူးလို့ ငြင်းဆိုထားပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *