April 27, 2024

၂၈. ၃. ၂၀၂၄
Written by Hey Mar

မွန်ပြည်နယ်၊ သထုံမြို့နယ် နောင်ဘိုကျေးရွာ ဘူတာလမ်းထိပ်အလွန်မှာ အိမ်စီးကားတစ်စီး ရှေ့ကားကို ကျော်တက်ရင်း ချောင်းထဲထိုးကျကာ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မတ်လ ၂၈ ရက် နေ့လည်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ပီတိနှလုံးသား လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်-မော်လမြိုင် အမြန်လမ်းမပေါ် ကျိုက်ကော်ဘက်ကနေ သထုံဘက်အသွားလမ်းကြောမှာဖြစ်ပွားခဲ့ပြီး ယာဉ်အမျိုးအစားမှာ SUZUKI WAGON နီညိုရောင်အမျိုးအစားလို့ သိရပါတယ်။ သေဆုံးသူနှစ်ဦးထဲက တစ်ဦးမှာတွေ့ရှိရတဲ့ မှတ်ပုံတင်အရ ရန်ကုန်မြောက်ဥက္ကလာပမှာနေထိုင်တဲ့ ကိုချစ်ကိုကို အသက် ၄၀ နှစ်ဖြစ်ပြီး ကျန်တစ်ဦးကိုတော့ အသက် ၅၅ နှစ် ၆၀ ဝန်းကျင်လို့ခန့်မှန်းရကာ အမည် နေရပ် မသိရှိရဘူးလို့ ပီတိနှလုံးသား လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါအသင်းတာဝန်ရှိသူက “ချောင်းက ရေတော့မရှိဘူး။ လမ်းပေါ်ကနေဆို အတော်နက်တယ်။ ခန့်မှန်း ပေ ၆၀၊ ၇၀ လောက်ရှိမလားဘဲ။ နှစ်ဦးစလုံး ကားထဲမှာညပ်နေတာ။ ကျွန်တော်တို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အတော်ခဲရာခက်ဆစ် အလောင်းတွေထုတ်ရတယ်။ နေရာတင်သေတာ။ တစ်ဦးက မှတ်ပုံတင်အရ သူ့ကို ရန်ကုန်ကအသင်းတွေနဲ့ ချိတ်ဆက်မေးကြည့်ထားတယ်။ ဖုန်းနှစ်လုံးပါတာလည်း တစ်လုံးက ဖွင့်မရဘူး။ တစ်လုံးက ကြေသွားတော့ ဘာမှ လုပ်လို့မရဘူး”လို့ မြေပြင်အကူအညီသွားရောက်ရာမှာ သူကြုံတွေ့ရတဲ့ အ‌ခြေအနေကိုပြောပြပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားနှစ်ဦးကို အခင်းဖြစ်စဥ်နေရာကနေ သိမ်ဆိပ်ဆေးရုံ ရင်ခွဲရုံဆီ သွားရောက်ပို့ဆောင်ကူညီပေးခဲ့ပြီး မိသားစုတွေနဲ့ အဆက်အသွယ်ရဖို့ တာဝန်ရှိသူတွေနဲ့ အသင်းက ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပီတိနှလုံးသား လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *