၁၈.၁၁.၂၀၂၆
Written by NYL
၂၀၂၁ ခုနှစ် နိုင်ငံရေးပြောင်းလဲမှု အခက်အခဲအဖြစ်သည့်အချိန်တွင် အစိုးရဆေးရုံ၊ဆေးပေးခန်းများရှိ သာမန်အမှုထမ်းမှ အထူးကုပါရဂူ၊ ပါမောက္ခအဆင့်ရှိသူ ၅ သောင်းကျော် DCS (Disloyality Civil Servant – သစ္စာမဲ့ဝန်ထမ်း) ပြုလုပ်ခဲ့ပြီး ယင်းအချိန် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ DCS ပြုလုပ်သွားသူ ၅၂၀၀၀ ကျော်အနက် ၁၄၀၀ ခန့်သာ ပြန်လာခဲ့ပြီး ကိုဗစ်ရောဂါဖြစ်ပွားနေချိန်ဖြစ်၍ အဆိုးဆုံးအချိန်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ” ကျန်းမာရေးမှာ ဆေးရုံရှိရင် ဆရာဝန်ရှိရမယ်ဆိုတဲ့ မူနဲ့လုပ်နေပါတယ်။ ကိုယ်စားလှယ်တော်ကြီးများ အသေးစိတ်တော့ သိမှာမဟုတ်ဘူး။ ကျွန်တော် နည်းနည်းပြောပြမယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေး ပြောင်းလဲမှု အခက်အခဲဖြစ်လာတဲ့အချိန်မှာ ကျန်းမာရေးက ဆေးရုံ၊ ဆေးခန်း၊ အစိုးရဆေးရုံ၊ ဆေးပေးခန်းတွေ အဲဒီက သာမန်အမှုထမ်းကနေပြီးတော့ အထူးကု၊ ပါရဂူတွေ၊ ပါမောက္ခတွေ အဆင့်ရှိတဲ့သူတွေ DCS လုပ်တာ ၅၂,၀၀၀ ကျော်ရှိပါတယ်။ ၅၂,၀၀၀ ကျော် DCS လုပ်သွားတာ။ သူတို့ကို ကျွန်တော်တို့ ပြန်လာပါ၊ ပြန်လာပါခေါ်တဲ့အချိန် မှာ ၁၄၀၀ ကျော်လောက်၊ ၁၄၀၀ လောက် ပြန်လာပါတယ်။ ကျန်တဲ့လူတွေ မလာပါဘူး။ ကျွန်တော်တို့ ၂၀၂၁ ခုနှစ်ဖြစ်တဲ့အချိန်မှာ ကိုဗစ်ရောဂါဖြစ်တဲ့အချိန် ဖြစ်ပါတယ်။ တကယ် Critical ဖြစ်တဲ့အချိန်မှာ အဆိုးဆုံးအချိန်။ ကိုဗစ်ရောဂါလည်း မြန်မာတစ်နိုင်ငံလုံး (၆) သောင်းကျော်ဖြစ်ခဲ့ပါ တယ်။ လူပေါင်း (၁၃,၀၀၀) လောက် သေခဲ့ပါတယ်။ ၂၀၂၁-၂၀၂၂ က သေနှုန်း အမြင်ဆုံးပါပဲ ” ဟု မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ထိုအချိန်တွင် ကျန်းမာရေးဝန်ထမ်း မရှိသဖြင့် အကျပ်အတည်းဖြစ်ခဲ့ရကာ တပ်မတော်မှ ဆရာဝန်၊ သူနာပြုတွေသာမက အငြိမ်းစားများကို ပြန်လည်ခေါ်ယူပြီး ဖြန့်ကျက်ကုသပေးခဲ့ရသလို စေတနာထားသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အငြိမ်းစားများလည်း လာရောက်ကူခဲ့ကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။
” အဲ့ဒီ အချိန်မှာ ကျန်းမာရေးဝန်ထမ်း မရှိပါဘူး။ ဟာ တော်တော်ကို ကျွန်တော်တို့ အကျပ်အတည်းဖြစ်ပါတယ်။ အဲ့ဒါ တပ်မတော်က ဆရာဝန်တွေ၊ သူနာပြုတွေ နောက်အငြိမ်းစားတွေ အကုန်ပြန်ခေါ်။ ဟိုဘက် အကုန်လုံး နယ်ဘက်တွေ ဖြန့်ကျက်။ အကုန်ကုပေး။ နောက်နယ်ဘက်မှာရှိတဲ့ တကယ်ကို စေတနာထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အငြိမ်းစားတွေ သူတို့မနေနိုင်ဘူး။ သူတို့ လာကြတယ်။ လိုက်ပြီး ဆေးရုံမှာလာကူကြပါတယ်။ ဒါ ခင်ဗျားတို့ သိပါတယ်။ ဒီလိုကူလို့သာ ကျွန်တော်တို့ ၂၀၂၃-၂၄ မှာ ကိုဗစ်ရောဂါ ကင်းစင်သွားတာဖြစ်ပါတယ်။ ဒီလို အခက်အခဲနဲ့ ကျွန်တော်တို့ ကျော်လာရတာ ဖြစ်ပါတယ် ” ဟု ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယခုအချိန် ၂၀၂၅-၂၆ ခုနှစ်တွင် ဆရာဝန်စုစုပေါင်း ၂၅၅၂ ဦး၊ သူနာပြုအသစ် ၂၆၀၀ ခန့်ထားနိုင်ခဲ့သော်လည်း အထူးကုဆရာဝန်များ ပေးနိုင်ရန် အခက်အခဲရှိနေသေးကြောင်း နိုင်ငံတော် သမ္မတက ထပ်မံပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ” အဲဒီအချိန်မှာလည်း ဆေးတက္ကသိုလ်ဆိုရင် (၆) နှစ်၊ (၇) နှစ် တက်ရတာ။ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ဆိုရင် (၅) နှစ်တက်ရတာ။ အဲ့တော့ ၂၀၂၁ မှာ ဒီကျောင်းသားတွေလာဖို့အတွက် တော်တော်လေးအခက်အခဲရှိပါတယ်။ ကျောင်းတက်ဖို့ အခက်အခဲရှိတဲ့အခါမှာ ကျောင်းသားတွေ နည်းတဲ့အတွက်ကြောင့် အခုကြမှ ကျွန်တော်တို့က ဆရာဝန်တွေခန့်နိုင်တာဖြစ်ပါတယ်။ အဲ့ဒီတော့ ၂၀၂၅- ၂၆ မှာ အားလုံးပေါင်း ဆရာဝန် ၂,၅၅၂ ဦး၊ ကျွန်တော်တို့ အခက်အခဲရှိတာ အထူးကုပါရဂူတွေ ဖြစ်ပါတယ်။ မကြာသေးခင်ဘဲ ဒီမှာ အထူးကုဆရာဝန်တွေပေးနိုင်ဖို့အတွက် တင်ပြထားတာ ကျွန်တော်တွေ့ပါတယ်။ ကျွန်တော်တို့ အခက်အခဲရှိပါတယ်… အထူးကုဆရာဝန်တွေပေးနိုင်ဖို့အတွက်။ သို့သော် MBBS ဘွဲ့ရတဲ့သူတွေက အထွေထွေရောဂါကုနိုင်ပါတယ်။ ခွဲစိတ်ကုသလည်းရပါတယ်။ ရိုးရိုးကုသလည်းရပါတယ်။ သူနာပြုသင်တန်းနဲ့ ပတ်သက်ပြီးတော့ သူနာပြုသင်တန်းက ၃ နှစ်တက်ရပါတယ်။ ၃ နှစ်တက်ပြီးရင် သူတို့ကိုပေးတာ ဒီပလိုမာပေးလိုက်တယ်။ ပြီးတော့ ကျန်းမာရေးဝန်ထမ်းအဖြစ် ဆေးရုံတွေ တာဝန်ထမ်းဆောင်ရတယ်။ ဒါပေမဲ့ သူတို့ကျောင်းတွေက သူနာပြုသင်တန်းကျောင်းတွေဖြစ်နေတယ်။ ပေးတော့ ဒီပလိုမာပေးတာ။ ဒီပလိုမာပေးတာဆိုရင် သိပ္ပံတွေဖြစ်ရမယ်။ ဒါကြောင့် သူနာပြုသိပ္ပံတွေလို့ ပြီးခဲ့တဲ့ ဒီကာလအတွင်းမှာပဲ ၁၅ ကျောင်းကို သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။ သူနာပြုဆင်းတာနဲ့ သူနာပြုအသစ် ၂၆၀၀ ကျွန်တော်ခန့်ခဲ့တာ ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် မိမိတို့အနေဖြင့် ဆေးရုံများတွင် သူနာပြုများ ပြည့်စုံအောင်ပေးနိုင်ရန်မှာ ပျက်ကွက်မှုများ တအားများသည့်အတွက်ကြောင့် ပြည့်စုံအောင်ပေးနိုင်ရန် နည်းနည်းအခက်အခဲ ရှိနိုင်သေးကြောင်း၊ နောက် ၂ နှစ်/ ၃ နှစ်ခန့်ဆိုလျှင် ဆရာဝန်၊ သူနာပြု၊ ပါရဂူများလည်း အတိုင်းအတာတစ်ခုအထိ ထမ်းဆောင်ရန် ပေးနိုင်လိမ့်မည်ဟု ယူဆကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် အိမ်များတည်ဆောက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
” ကုသပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ သက်ဆိုင်ရာကျန်းမာရေးဌာနတွေမှာ ရှိနေဖို့လိုအပ်ပါတယ်။ ဒါကြောင့်သူတွေအတွက် အိမ်တွေလုပ်ပေးဖို့၊ အိမ်တွေဆောက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်က မူချပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို အိမ်ဆောက်ပေးမယ်။ မြေရွေးချယ်တဲ့အခါမှာ လုံလောက်တဲ့မြေရှိဖို့ ရွေးချယ်ဖို့လိုပါတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ် ” နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
