၂၆. ၃.၂၀၂၄
Written by Hey Mar

မိတ္တီလာ-ကျောက်ပန်းတောင်းလမ်းပေါ်မှာ ဒီနေ့ မတ်လ ၂၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ဝန်းကျင်က ယာဥ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိရာက တစ်ဦးနေရာတင်သေဆုံးပြီး တစ်ဦးမှာ ဆေးရုံတင်ပို့ ကုသနေစဥ်သေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ မေတ္တာပါရမီ လူမှုကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဥ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ မိတ္တီလာ – ကျောက်ပန်းတောင်းကားလမ်း၊ ဇရပ်ကုန်းကျေးရွာအနီး ၊ မိုင်တိုင်အမှတ် ၂၆ မိုင် ၆ ဖာလုံအနီးမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“ကျောက်ပန်းတောင်းဘက်က မောင်းလာတဲ့ Litace နဲ့ မိတ္ထီလာဘက်က မောင်းလာတဲ့ Pajero ယာဥ် ထိပ်တိုက် တိုက်မိတာ။ Liteace ယာဥ်ပေါ်က အမျိုးသားတစ်ဦးနေရာတင်သေဆုံးတယ်။ နောက်ထပ်အမျိုးသားတစ်ဦးက ခြေနှစ်ဖက်ပြတ်ထွက် အနီရောင်အဆင့်ပါ။ Pajero ယာဥ်ပေါ်ပါ လေးဦးကတော့ ထိခိုက်ဒဏ်ရာ ပေါက်ပြဲ သွေးထွက် ဒဏ်ရာတွေ ရရှိပါတယ်။ နောက်ဆက်တွဲကတော့ ရင်ခွဲရုံကနေ ကားပြန်မလာသေးတော့ မသိရသေးပါဘူး”လို့ မေတ္တာပါရမီ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

သေဆုံးသူ ရုပ်အလောင်းကို မေတ္တာပါရမီလူမှုကယ်ဆယ်ရေးအသင်းက ယာဥ်နဲ့ သယ်ဆောင်ပြီး ကျန်ဒဏ်ရာ ရရှိသူတွေကို ဒေသခံ လူမှုကူညီရေးအသင်းသုံးသင်းက မိတ္ထီလာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး Liteace ပေါ်က ခြေထောက်ပြတ်လူနာကလည်း ဆေးရုံအရောက် ကုသမှုခံယူနေစဥ် ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *