၂၀. ၃. ၂၀၂၄
Written by Hey Mar
Online shopping လုပ်ဆောင်နေသူ အမျိုးသမီးငယ်တစ်ဦး နဲ့ အမျိုးသားငယ်တစ်ဦးတို့က မှာယူထားတဲ့ပစ္စည်းကို ချိန်းဆိုတဲ့နေရာဆီ သွားရောက်ပို့ဆောင်စဥ် ဖုန်းနဲ့ ဆိုင်ကယ်ကို ဓားထောက်ကာ နေ့ခင်းကြောင်တောင် လုယက်ခံရတဲ့ဖြစ်စဥ် မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ ဝန်ဇင်းရပ်ကွက် ကန်ဘောင်မှာ ဒီနေ့ မတ်(၂၀)ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးထံက သိရပါတယ်။
ဖြစ်စဥ်မှာ Online ကနေ အမျိုးသမီးဝတ် အဝတ်ထည်တွေ ရောင်းတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်ကို လူမှုကွန်ရက် အကောင့်တစ်ခုက အဝတ်အစားမှာယူပြီး ဝန်ဇင်းရပ်ကွက် ကန်ဘောင်ကို လာရောက်ပို့ဆောင်ပေးဖို့ ချိန်းဆိုတာကြောင့် သူငယ်ချင်းအဖော် အမျိုးသားတစ်ဦးကို ခေါ်ယူပြီး ဆိုင်ကယ်နဲ့ သွားရောက်ချိန် ချိန်းဆိုထားတဲ့ အနီးအနားအရောက် အဆိုပါဝယ်သူရဲ့ ဖုန်းကို ဆက်သွယ်လို့မရတော့ဘဲ လူမှုကွန်ရက် အကောင့်ရော တယ်လီဖုန်းနံပါတ်တွေပါ ဘလော့သွားခဲ့တာပါ။ ဒါကြောင့် သူငယ်ချင်းနှစ်ဦး လှည့်ပြန်လာချိန် အပင်အကွယ်က လူနှစ်ဦးထွက်လာပြီး ယောက်ျားလေးကို လည်ပင်း ဓားနဲ့ထောက်ကာ ဆိုင်ကယ်လုယူပြီး မိန်းကလေးဖြစ်သူထံက ဖုန်းကိုပါ လုယက်ယူဆောင်ပြီး မောင်းပြေးသွားခဲ့တယ်လို့ ဖြစ်စဥ်ကို ကိုယ်တိုင်ကြုံတွေ့ရတဲ့ လူငယ်က MT News ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။
“လုတဲ့သူကို လူလည်းမှတ်မိပါတယ်။ အဲ့ဒီနေရာက လူပြတ်တယ်ဆိုပေမယ့် အသွားအလာလည်းရှိပါတယ်။ လူကို ဓားနဲ့ထောက်ထားလို့ ဘေးပတ်ဝန်းကျင် အော်ပြီး အကူအညီမတောင်းနိုင်ပေမယ့် ကျွန်တော်တို့ကို အခုလို လုပ်နေတုန်း ဖြတ်သွား ဖြတ်လာ ဆိုင်ကယ်တချို့လည်း ရှိပါတယ်။ ဝယ်မယ် လာပို့ဆိုပြီး မှာထားတဲ့ အဝတ်ထုပ်ရော ၊ ဖုန်း ၊ ပိုက်ဆံအိတ်အပြင် ဆိုင်ကယ်လည်း ယူသွားပါတယ်” လို့ မိတ္ထီလာမြို့နေ လုယက်ခံရသူ လူငယ်က ပြောပါတယ်။
လုယက်ခံရတဲ့ ဖြစ်စဥ်ကို မိတ္ထီလာ အမှတ် (၂) ရဲစခန်းမှာ ကနဦးတိုင်ကြားထားပြီး အခင်းဖြစ်နေရာကိုလည်း သက်ဆိုင်ရာက လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ မိတ္ထီလာမြို့ပေါ်မှာ ခိုးမှု၊ လုယက်မှုတွေ မကြာခဏ ကြားသိနေရပြီး မနေ့က မတ်လ ၁၉ ရက်နေ့ကလည်း မိတ္ထီလာမြို့ ရတနာမာန်အောင်မြေ ခရိုင်ဘောလုံးကွင်းအနီး သမီးရည်းစားစုံတွဲ တစ်တွဲကို ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတစ်ဦးထံကနေ သိရပါတယ်။
ပုံစာ။ လုယက်ခံရသည့် ဆိုင်ကယ်လိုင်စင်နှင့် ဖြစ်စဥ်နေရာ။




