၁၆. ၃. ၂၀၂၄
Written by Nay Moe

AA လက်နက်ကိုင်တွေက စစ်တွေမြို့ပေါ်က လူနေရပ်ကွက်၊ ကျေးရွာတွေ အတွင်းကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ပစ်ခတ်လျက်ရှိပြီး စစ်ရာဇဝတ်မှု(War Crime)ကျူးလွန်နေသလို ဒီလိုမျိုး AA က စစ်တွေမြို့ကို ၁၃ ကြိမ် ပစ်ခတ်တိုက်ခိုက်လို့ အပြစ်မဲ့ပြည်သူ ၁၈ ဦးသေဆုံးပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုနေသူ ၂ ဦး အပါအဝင် ၄၇ ဦး ဒဏ်ရာရသွားတယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က လူနေရပ်ကွက်တွေအတွင်းကို ဒီနေ့မနက် ၁ နာရီခန့်မှာ AA လက်နက်ကိုင်တွေက ပုဏ္ဏားကျွန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့လို့ လက်နက်ကြီးကျည်တွေက စက်ရုံစု(၂)၊ ကုန်းဘောင်ရပ်ကွက်အတွင်းက လူနေအိမ်တစ်ခုအနီး ကျရောက်ပေါက်ကွဲခဲ့လို့ အမျိုးသား ၁ ဦးနဲ့ အမျိုး သမီး ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး တာဝန်ရှိသူတွေက စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)ကို အရေးပေါ်ပိုဆောင်ပြီး ဆေးကုသမှု ခံယူစေလျက်ရှိပါတယ်။

AA လက်နက်ကိုင်တွေဟာ စစ်တွေမြိုပေါ် ဒေသခံပြည်သူတွေ လူမှုစီးပွားဘဝ ထိခိုက်ပျက်စီးစေပြီး စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်ကာ တည်ငြိမ်မှု ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ စစ်တွေမြိုပေါ်က ရပ်ကွက်၊ ကျေးရွာတွေနဲ့ လူစည်ကားရာနေရာတွေကို Drop Bomb ပစ်ချတိုက်ခိုက်တာ၊ အဝေးက လက်နက်ကြီးနဲ့ပစ်ခတ်တာကို မကြာခဏလုပ်ဆောင်နေပြီး ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်တွေတပ်နယ်အတွင်းက ကျေးရွာတွေ၊ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီခန့်မှာ စစ်တွေမြို့၊ မြို့မဈေးအနီးက ဒေသအခေါ်အဝေါ် ကိုရီးယား ဆိပ်ကမ်းဈေး၊ မတ်လ ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်မှာ စစ်တွေမြို့၊ ကသဲရပ်ကွက်၊ မတ်လ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာက အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းအနီးနဲ့ မတ်လ ၁၃ ရက် နံနက် ၉ နာရီခွဲခန့်မှာ စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာအတွင်းက စာသင်ကျောင်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီနေ့နံနက်ပိုင်းမှာလည်း စစ်တွေမြို့၊ စက်ရုံစု(၂)၊ကုန်းဘောင်ရပ်ကွက်အတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပါအဝင် လူနေရပ်ကွက်တွေအတွင်း စုစုပေါင်း ၁၃ ကြိမ် ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒီလိုမျိုး AA ရဲ့ ပစ်ခတ်မှုတွေကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူ နှစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းတွေ၊ လူနေအိမ်တွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးလို့ သုံးနှုန်းပြီး အမှန်တကယ်မှာ အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ AA လက်နက်ကိုင်အဖွဲ့ဟာ တည်ငြိမ်အေးချမ်းနေတဲ့ မြို့၊ ရွာတွေအတွင်း လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာ၊ တိုက်ပွဲများစွာဖော်ဆောင်တာ၊ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပညာရေးအဆောက်အဦတွေကို ပစ်ခတ် တိုက်ခိုက်တာ လုပ်ဆောင်လျက်ရှိနေပြီး ဒီလိုမျိုး စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်းတွေနဲ့ လူနေရပ်ကွက်တွေကို ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်းနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်တာဖြစ်ပြီး ဒေသခံပြည်သူတွေအနေနဲ့ လုံးဝလက်ခံနိုင်မှု မရှိသလို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေတယ်လို့လည်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *