MT News

Written by Tha Doe

ပြည်ပတွင် ရရှိသည့် နိုင်ငံခြားငွေလစာဖြင့် ပြည်တွင်း၌ မော်တော်ယာဥ်၊ အိမ်၊ ခြံ၊ မြေ အခြေပစ္စည်းများဝယ်ယူရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသော လစာဝင်ငွေသည် နှစ်စဉ်ပြဋ္ဌာန်းသောပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိထားပြီး လစာခေါင်းစဉ်မှဝင်ငွေတွင် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေလစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့ ပါဝင်သည်။

အဆိုပါ ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့်ရရှိသော လစာမှဝင်ငွေကို ပြည်တွင်းသို့ လွှဲပြောင်း၍ ပြည်တွင်း၌ မော်တော်ယာဉ်၊ အိမ်၊ ခြံ၊ မြေ စသည့် အခြေပစ္စည်းများ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် အစုရှယ်ယာ များဝယ်ယူ၊ ထည့်ဝင်ရင်းနှီးမြှုပ်နှံခြင်းတိုကို ဆောင်ရွက်ရာတွင် တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေခွန် ထပ်မံ ပေးဆောင်ရန်မလိုသည့် အခွန်ဆိုင်ရာ အကျိုးခံစားခွင့်ကို ခံစားခွင့်ရရှိမည်ဖြစ်သည်။

သို့သော် ပြည်ပနေနိုင်ငံသား၏ ပြည်တွင်းသို့ လွှဲပြောင်းသည့် လစာငွေများသည် ဝင်ငွေခွန်ကင်းလွတ်ခွင့် ခံစားရရှိရန်မှာ ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်မှဝင်ငွေဖြစ်ခြင်း၊ နိုင်ငံကူးလက်မှတ် (မိတ္တူ)၊ လစာဝင်ငွေရရှိခြင်းအထောက် အထား(မူရင်း) သို့မဟုတ် အခွန်ထမ်းဆောင်ထားသည့် အထောက်အထား(မူရင်း)၊ အလုပ်လုပ်သည့်ကာလဆိုင်ရာအထောက်အထား (မူရင်း)၊ သက်ဆိုင်ရာကုမ္ပဏီက တရားဝင်ထုတ်ပေးသည့် လစာထုတ်ပေးမှုမှတ်တမ်း(မူရင်း)၊ ပြည်တွင်းသို့ငွေလွှဲပြောင်းပေးပို့ရာတွင် ဘဏ်(သို့မဟုတ်) တရားဝင်ငွေလွှဲခွင့်လိုင်စင် ရရှိထားသည့် လုပ်ငန်းများမှတစ်ဆင့် လွှဲပို့မှုဖြစ်ခြင်း (သို့မဟုတ်) ကာယကံရှင်ကိုယ်တိုင် ပြည်ပမှပြန်လာစဉ် တစ်ပါတည်း ယူဆောင်ခဲ့ခြင်း၊ ငွေလွှဲပြောင်းပေးပို့ရာတွင် ဘဏ် (သို့မဟုတ်တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့် လုပ်ငန်း များမှတစ်ဆင့် လွှဲပို့မှုဖြစ်ပါက ယင်းလုပ်ငန်းများမှထုတ်ပေးသည့် ငွေလွှဲပို့မှုမှတ်တမ်း၊ ကာယကံရှင်ကိုယ်တိုင် ပြည်ပမှပြန်လာစဉ် တစ်ပါတည်းယူဆောင်ခဲ့ခြင်းဖြစ်ပါက တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့် နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများတွင် ငွေလဲလှယ်ထားသည့် အထောက်အထားနှင့် လေဆိပ်တွင် ကြေညာထားသည့် အထောက်အထား စသည့် သက်ဆိုင်ရာအထောက်အထားများ ပြည့်စုံစွာတင်ပြနိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် အခွန် ကင်းလွတ်ခွင့်ရရှိသော လစာဝင်ငွေအပေါ် အခွန်ဆိုင်ရာအကျိုးခံစားခွင့်များကို အပြည့်အဝခံစားနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ငွေလွှဲပြောင်း ပေးပို့ခြင်းဖြစ်ပါက ဘဏ် (သို့မဟုတ်) တရားဝင် ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့် လုပ်ငန်းများမှတစ်ဆင့် လွှဲပြောင်း ပေးပို့ကြပါရန်၊ကာယကံရှင်ကိုယ်တိုင် ပြည်ပမှပြန်လာစဉ် တစ်ပါတည်းယူဆောင်ခဲ့ခြင်းဖြစ်ပါက တရားဝင် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများတွင် လဲလှယ်ကြပါရန်၊ လေဆိပ်တွင် ကြေညာသည့်အထောက်အထားနှင့် သက်ဆိုင်ရာအထောက်အထားများကို စနစ်တကျ သိမ်းဆည်းကြပါရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

အဆိုပါ ကင်းလွတ်ခွင့်များအတွက် အခွန်ဆိုင်ရာသိရှိလိုသည်များရှိပါက အခွန်ထမ်းဝန်ဆောင်မှု ဌာနခွဲကွပ်ကဲမှုအောက်ရှိ အခွန်ထမ်း ဝန်ဆောင်မှု ဗဟိုအဖွဲ့ရုံး၊ အမှတ်(၁၂၈/၁၃၂)၊ ဒုတိယထပ်နှင့်တတိယထပ်၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတား မြို့နယ်ရန်ကုန်မြို့၊ ဖုန်းနံပါတ်- ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ ၀၁-၈၃၇၈၃၇၀၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)၊ ၆၅ လမ်း၊ ၂၂×၂၃ လမ်းကြားအောင်မြေသာစံမြို့နယ်၊ ဖုန်းနံပါတ်- ၀၂-၄၀၃၀၁၉၂ သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *