၁၂. ၃. ၂၀၂၄
Written by Ye Kyaw

နိုင်ငံခြားငွေဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် Money Changer များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer လေးခုအား အရေးယူဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်နှင့် မတ်လ ၈ ရက်တို့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ လိုက်နာခြင်းမရှိသည့် Thura Nay Tun (Fame Money Changer)၊ Lead Star Money Changer၊ Steber Group Money Changer နှင့် Asia Shwe Thee Money Changer လေးခုအား ဥပဒေပါအချက်များ လိုက်နာမှုရှိသည်ကို စိစစ်တွေ့ရှိခဲ့သောကြောင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် သုံးလရပ်ဆိုင်းခြင်း ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် ယင်းကဲ့သို့ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေသကဲ့သို့၊ ပြည်ပသို့သွားရောက်သူများအတွက် လိုအပ်သော အသေးသုံးနိုင်ငံခြားငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိသည်။

ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေါ်လာဆက်တိုက် ထုတ်ရောင်းပေးမှုကြောင့် တစ်ဒေါ်လာ ကျပ် ၃၅၀၀ သို့ ပြန်ကျဆင်းခဲ့သည့် ဒေါ်လာဈေးသည် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ ပြန်လည်မြင့်တက်လာ၍ ဗဟိုဘဏ်က ဒေါ်လာ ထပ်မံထုတ်ရောင်းချပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၂၂ ရက်တွင် တစ်ဒေါ်လာ ၃၆၀၀ သို့ စတင်ရောက်ရှိခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၆၅၀ ကျပ်အထိ ဆက်လက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News