၁၂. ၃. ၂၀၂၄
Written by KL

မွန်ပြည်နယ် မော်လမြိုင်မြို့၊ သွေးသောက်ရပ်ကွက်တွင် မတ်လ ၁၁ ရက် ည ၈ နာရီခွဲခန့်က အရက်မူးနေသော အသက် ၅၀ ကျော်အရွယ် အမျိုးသားကြီးတစ်ဦး မီးပုံထဲပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။

အမူးလွန်နေသူ အမျိုးသားမှာ အမှိုက်များမီးရှို့ထားသော မီးပုံထဲသို့ အရှိန်လွန်ကာ နောက်ပြန် ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ကျောတစ်ခြမ်းလုံး၊ ခြေထောက်နှင့် ဘယ်ညာလက်တို့တွင် အရေပြားများ မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်းကယ်ဆယ်​ဆောင်ရွက်ခဲ့​သော ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အမှိုက်​​တွေ မီးပုံရှို့ထားတဲ့ဖိုထဲကို ကျတာ။ ကျတဲ့အချိန်က သိပ်မကြာပေမယ့် အပေါ်အရေပြားတွေတော့ တော်တော်မီးလောင်သွားတယ်”ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

မီးလောင်ဒဏ်ရာရရှိသော အမျိုးသားမှာ ခန္ဓာကိုယ်အပြင်ပိုင်းကိုသာ မီးလောင်ခံခဲရ၍ ကိုယ်တွင်းအစိတ်အပိုင်းများကို မထိခိုက်သဖြင့် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း သိရသည်။

မီးလောင်ဒဏ်ရာရရှိသူကို ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၄ ဦးက ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *