၁၂. ၃. ၂၀၂၄
Written by Pan Ei

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သီးခြားကျောက်မီးသွေးမိုင်းတွင်းနှစ်ခု မတော်တဆမှုတွေ ဖြစ်ပွားခဲ့ရာမှာ လူ ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့သလို အဆိုပါ ဖြစ်စဉ်တွေဟာ မကြာသေးမီက အစိုးရက မိုင်းတွင်းဘေးကင်းရေးဥပဒေကို ပြန်လည်ပြင်ဆင်ပြီးနောက် စက်မှုလုပ်ငန်းကို ထိခိုက်စေခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်တွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ် ဇွန်ဂျန် စီရင်စုရှိ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ မြေအောက်ကျောက်မီးသွေးကျင်းတစ်ခု တနင်္လာနေ့ သန်းခေါင်ယံမတိုင်မီက ပြိုကျခဲ့ရာ လူငါးဦး သေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း CCTV က ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ ပြိုကျခဲ့တဲ့ကျင်းဟာ တိုယွမ်စင်လွန် ကျောက်မီးသွေးစက်မှုလုပ်ငန်း ကုမ္ပဏီက ပိုင်ဆိုင်ပြီး ပြင်းထန်တဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ခုလို ရှန်ဇီပြည်နယ်မှာ လူအသေအပျောက်များတဲ့ မတော်တဆမှုဟာ မိုင်းတွင်းဘေးကင်းရေးအတွက် ပြီးခဲ့တဲ့လက သတိပေးချက် ထုတ်ပြန်ပြီးနောက် ဖြစ်ပေါ်လာတာဖြစ်သလို တရုတ်နိုင်ငံရဲ့ ကျောက်မီးသွေးထုတ်လှုပ်မှု ထိပ်တန်းဒေသဖြစ်တဲ့ အဲ့ဒီပြည်နယ်မှာ ၂၀၂၃ ခုနှစ်ကလည်း သေဆုံးမှုတွေ မြင့်တက်ခဲ့ပါတယ်။

နောက်ထပ် မတော်တဆမှု တစ်ခုကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟူးပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဟူအီစွမ်းအင်ကုမ္ပဏီရဲ့ကျောက်မီးသွေးတွင်းမှာ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူခုနစ်ဦး သေဆုံးကာ နှစ်ဦး ပျောက်ဆုံးနေကြောင်း CCTV က တနင်္လာနေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့တာပါ။

လူအသေအပျောက်များတဲ့ ကျောက်မီးသွေးတွင်း မတော်တဆမှုတွေဟာ တရုတ်နိုင်ငံမှာ မရှားပါးလှပါဘူး။ ပြီးခဲ့တဲ့လကလည်း တရုတ်နိုင်ငံအလယ်ပိုင်း ပင်ဒင်းရှန်မြို့မှာ မိုင်းတွင်းမတော်တဆမှုတစ်ခုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက လုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News