၁၂. ၃. ၂၀၂၄
Photo by Thinzar

ယနေ့နံနက် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္မူသီရိမြို့နယ်၊ အ-ထ-က ( ၆) မှာ ကျောင်းသားကျောင်းသူများ ကျောင်းခန်းထဲသို့မဝင်ခင် အင်္ဂလိပ်စာများပြန်လည်ကြည့်ရှုနေသည့်မြင်ကွင်းများဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ကနေ မတ်လ ၁၉ ရက်နေ့အထိ ဖြေဆိုသွားမှာဖြစ်ပြီး အဓိကကျတဲ့၊ ဘာသာတွဲတွေကတော့ ပိတ်ရက်မရှိ ခြောက်ရက်ဆက်တိုက်ဖြေဆိုရမှာဖြစ်လို့ ဖြေဆိုရသူတွေမှာလည်း စိုးရိမ်မှုတွေရှိနေတာမြင်ရပါတယ်။

“ပိတ်ရက်လေးပေးထားတော့ သမီးတို့လည်း စာလေးတွေပြန်ပြီး ကြည့်လို့ရတာပေါ့နော်။ ခုက ဆက်တိုက်ဖြေရတယ်။ ပိတ်ရက်မရှိ။ စနစ်သစ်ဆိုတော့ စာတွေကိုနည်းနည်းစိုးရိမ်ရတယ်။ မြန်မာစာတုန်းကတော့ ဖြေနိုင်တယ်။ ခု English ဖြေရမှာ။ ကျန်တဲ့ဘာသာလေးတွေလည်း ရင်ခုန်ရဦးမယ်။ အနယ်နယ်အရပ်ရပ်က စာမေးပွဲဖြေဆိုကြတဲ့ သူငယ်ချင်းများလည်း ဖြေဆိုနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင့်” လို့ စာမေးပွဲဖြေဆိုမဲ့ ကျောင်းသူလေးတစ်ဦးက ဆုမွန်တောင်းပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူက အရင်က ၉ သိန်းနဲ့ ၁၀ သိန်းကြားမှာရှိပေမဲ့ ကိုဗစ်နဲ့ နိုင်ငံရေးကြားမှာ ဖြေဆိုသူလျော့ကျလာနေပြီး ဒီနှစ်မှာတော့ ဖြေဆိုသူ ၁၂၈၈၀၁ ဦးပဲရှိတော့တာဖြစ်ပါတယ်။

“ဒီနှစ်ကတော့ ဖြေတဲ့သူတွေနည်းကြတယ်။ အရင်နှစ်တွေကဆို ကလေးတွေတော်တော်များတယ်။ မိဘတွေဆို ၇ နာရီ ကျော်တာနဲ့ ကလေးတွေနဲ့အတူ ကျောင်းရှေ့မှာပဲနေတာ” လို့ စာမေးပွဲဖြေဆိုတဲ့ ရင်သွေးငယ်ကိုလာစောင့်ရှောက်တဲ့ မိဘတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *