၁၂. ၃. ၂၀၂၄
Written by Ye Kyaw

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက် (ယမန်နေ့)က စတင်ဖြေဆိုခဲ့ပြီး ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကိုလည်း ဆက်လက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ များပြားလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်(ယမန်နေ့)တွင် မြန်မာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ပြီး စာစစ်ဌာနပေါင်း ၇၉၄ ဌာနတို့တွင် စာရင်းရှိဦးရေမှာ ၁၄၆,၅၂၃ ဦးအနက် လာရောက်ဖြေဆိုသူ ဦးရေမှာ ၁၂၈,၈၀၁ ဦးရှိသည့်အတွက် ကျောင်းသား၊ ကျောင်းသူ ဖြေဆိုရာခိုင်နှုန်းမှာ ၈၇ ဒသမ ၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၃ ရက်တွင် သင်္ချာဘာသာရပ်၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်၊ မတ်လ ၁၅ ရက်တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ်လ ၁၆ ရက်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်၍ မတ်လ ၁၇ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရပြီး မတ်လ ၁၈ ရက်တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ်လ ၁၉ ရက်တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်တို့ကို အသီးသီးဖြေဆိုကြရမည်ဖြစ်သည်။

ယင်းကဲ့သို့ ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *