၁၁. ၃. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံခြားငွေလဲလှယ်နှုန်းကွာဟချက်၊ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်ဆံဖျားစရိတ်၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ သုံးစွဲရမည့်စရိတ် စသည်တို့ကြောင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ထက် လိုငွေနှင့် GDP အချိုး ၀ ဒသမ ၀၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

စာရင်းဇယားများအရ ကြည့်မည်ဆိုပါက ပြည်ထောင်စုအဆင့် စိစစ်ရာတွင် မူလအခြေအနေမှာ လိုငွေနှင့် GDP အချိုးသည် ၈ ဒသမ ၈၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊ မူဘောင်နှင့် လုပ်ငန်းဆောင်ရွက်နိုင်မှု၊ အကျိုးဖြစ်ထွန်းမှုအပေါ် အဆင့်ဆင့်စိစစ်ပြီး နောက်ဆုံးအနေအထားအဖြစ် ပြန်လည်စိစစ်သည့်အခါ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိသဖြင့် ပျှမ်းမျှ ၅ ရာခိုင်နှုန်းကျော်လွန်နေသည်ကို တွေ့ရပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လိုငွေနှင့် GDP အချိုးသည် ၀ ဒသမ ၀၂ ရာခိုင်နှုန်းတိုးလာသည်ကို တွေ့ရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ယင်းကဲ့သို့ ကွာခြားမှုများကို စိစစ်ရာတွင် တွေ့ရှိရသည့် အကြောင်းအရင်းများမှာ နိုင်ငံခြားငွေနှင့် မြန်မာငွေလဲလှယ်နှုန်း ကွာဟချက်များ၊ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်ဆံဖျားစရိတ်၊ သင်တန်းသားထောက်ပံ့စရိတ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သုံးစွဲရမည့်စရိတ်၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျာထားမှုများကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်း တိုးလာရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

အချို့ဝန်ကြီးဌာနများမှ ပြန်အပ်ငွေများအတွက်လည်း အကျိုးမဲ့မဖြစ်သွားစေရန်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ် ရေး စသည့်ကဏ္ဍများတွင် ပြန်လည်ထည့်သွင်းပြီး သုံးစွဲစေခဲ့သည်ကို သိရှိရကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘတ်ဂျက်လိုငွေ များစွာဖြစ်ပေါ်ပါက နိုင်ငံတော်၏ ကြွေးမြီမြင့်တက်လာနိုင်သောကြောင့် ကြွေးမြီခံနိုင်ရည်ရှိမှုနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ဘတ်ဂျက်လိုငွေကို ရှိသင့်ရှိထိုက်သည့် အတိုင်းအတာအတွင်းသာ ထားရှိရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)သည် ကျပ် ၁၃၈,၁၉၅ ဒသမ ၇၀၃ ဘီလျံရှိသည်။ ပြည်ထောင်စု၏ စုစုပေါင်းရငွေ ကျပ် ၂၅,၃၆၄ ဒသမ ၃၆၄ ဘီလျံသာရှိပြီး ပြည်ထောင်စု၏ စုစုပေါင်းအသုံးစရိတ် ကျပ် ၃၃,၁၇၅ ဒသမ ၀၅၃ ဘီလျံရှိအထိရှိ၍ ပြည်ထောင်စု၏ စုစုပေါင်းလိုငွေ ကျပ် ၇,၈၁၀ ဒသမ ၆၈၉ ဘီလျံရှိခဲ့သောကြောင့် လိုငွေနှင့် GDP အချိုး ၅ ဒသမ ၆၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *