၁၁.၃.၂၀၂၄
Written By Thandar

တစ်ခေတ်တစ်ခါက အောင်မြင်မှုရရှိခဲ့တဲ့ တေးသီချင်းတွေကို ပြန်လည်သီဆိုထားတဲ့ အဆိုတော် ချယ်ရီသင်းရဲ့ “ငယ်ချစ်ဦးသို့အလွမ်းပြေ” တေးအယ်လ်ဘမ်ထဲက သီချင်းတွေက မူပိုင်ခွင့်ဥပဒေအတိုင်း အတိအကျ လုပ်ဆောင်ပြီးမှ ထွက်ရှိထားတယ်လို့ဆိုပါတယ်။

“ချယ့်ရဲ့ လတ်တလောထွက်ထားတဲ့ ငယ်ချစ်ဦးသို့အလွမ်းပြေ Album နဲ့ပက်သတ်ပြီး ထွက်ရှိထားတဲ့ သီချင်းအားလုံးကို မူပိုင်ခွင့်ဥပဒေအတိုင်း အတိအကျ လုပ်ဆောင်ပြီးမှ ထွက်ရှိထားတာဖြစ်ပါတယ်။ မူရင်းတေးသံရှင်တွေကို လေးစားစွာနဲ့ သီဆိုခဲ့ပါတယ်။ မူရင်းတေးသံရှင်တွေလည်း တိုက်ရိုက် ဆက်သွယ်ဖို့ ခက်ခဲခဲ့တဲ့အတွက် ကြားခံမူပိုင်ခွင့် လုပ်ဆောင်ပေးတဲ့ Imagine Music Publishing နဲ့ဆက်သွယ် ဝယ်ယူပြီးတော့ အသုံးပြုခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး နားလည်မှုလွဲသွားတဲ့အပေါ်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ လေးစားရတဲ့ မူရင်းတေးသံရှင်ကြီးတွေနဲ့ ဘယ်သူ့မှအသိမပေးဘဲ ဆိုချင်တိုင်းဆိုတယ် လို့ထင်နေကြသူတွေ ချယ်က ပြန်လည်ဖြေရှင်းပေးတာပါ” လို့ အဆိုတော် ချယ်ရီသင်းကပြောပါတယ်။

သူမရဲ့ ငယ်ချစ်ဦးသို့အလွမ်းပြေ သီချင်းမှာ အတမ်းတဆုံး၊ အချစ်ည ရင်ခုန်သံ၊ ပုံပြင်တစ်ပုဒ်၊ ငယ်ချစ်ဦး ၊ မာယာ အစရှိတဲ့ တေးသီချင်းတွေ ပါဝင်ပြီးတော့ မကြာမီရက်ပိုင်းကပဲ Online Platform တွေကနေ ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။ ချယ်ရီသင်း သီဆိုထားတဲ့ တေးသီချင်းတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေ ရှိခဲ့သလို ဝေဖန်နေကြတဲ့ ပရိသတ်တချို့ရှိနေတာဖြစ်ပါတယ်။

“ဒီသီချင်းအားလုံးရဲ့ မူပိုင်ခွင့် ရှိသူတွေ ပေးရမယ့် အလွှာအတိုင်း ပေးဆောင်ပြီးမှ ဒီသီချင်းတွေ ထွက်ရှိတာပါ။ ဒီကိစ္စတွေနဲ့ပက်သတ်ပြီး အင်တာဗျူးဖြေဆိုတာတွေလည်း မပြုလုပ်ချင်ပါဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး နားလည်ပေးဖို့ ချယ်မေတ္တာရပ်ခံချင်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *