၁၁.၃.၂၀၂၄
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံတွင် ဆူလာဝီစီမြို့မှ မြို့တော်ဂျာကာတာသို့ ဇန်နဝါရီလ ၂၅ ရက်က ပျံသန်းလာသော Batik လေကြောင်းလိုင်း၏ ပျံသန်းမှုခရီးစဉ်တစ်ခုတွင် လေယာဉ်မှူးနှစ်ဦးစလုံး လေယာဉ်ပျံသန်းနေစဉ် ၂၈ မိနစ်ခန့်ကြာအောင် အိပ်ပျော်သွားခဲ့ကြမှုအပေါ် ၎င်းတို့နှစ်ဦးအား ခေတ္တရာထူးဆိုင်းငံ့၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

အဆိုပါပျံသန်းမှုခရီးစဉ်တွင် အဲယားဘတ်စ် အေ ၃၂၀ လေယာဉ်၌ ခရီးသည် ၁၅၃ ဦးနှင့် လေယာဉ်ဝန်ထမ်းများလည်းလိုက်ပါလာသော်လည်း တစ်စုံတစ်ဦးမျှ ထိခိုက်အန္တရာယ်ဖြစ်မှုမရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် အသက် ၃၂ နှစ်ရှိ လေယာဉ်မှူးက လေယာဉ်ပျံတက်ပြီးနောက် နာရီဝက်ခန့်အကြာတွင် ၎င်းမှာ ခေတ္တအနားယူရန်လို၍ လေယာဉ်အားထိန်းချုပ်မောင်းနှင်ပေးရန် တွဲဘက်လေယာဉ်မှူးအားပြောခဲ့သည်။ အသက် ၂၈ နှစ်ရှိ တွဲဘက်လေယာဉ်မှူးကလည်း သဘောတူ၍ လေယာဉ်ကို ဆက်လက်မောင်းနှင်လာခဲ့ခြင်းဟု အင်ဒိုနီးရှားပို့ဆောင်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။

သို့သော် တွဲဘက်လေယာဉ်မှူးမှာလည်းလေယာဉ်ပျံသန်းနေစဉ် မကြာမီ အမှုမဲ့အမှတ်မဲ့အိပ်ပျော်သွားခဲ့ ခြင်းဖြစ်သည်။ သတင်းများအရ တွဲဘက်လေယာဉ်မှူး၏ဇနီးမှာ အမြွှာပူးကလေးနှစ်ယောက်ကို မွေးဖွားခဲ့သည်မှာတစ်လခန့်ရှိပြီဖြစ်ပြီး ၎င်းမှာလည်း ဇနီးဖြစ်သူကိုကူညီကာ ကလေးများကိုစောင့်ရှောက် ပေးနေရခြင်းကြောင့် အိပ်ရေးပျက်နေရခြင်းဟုဆိုသည်။

Batik လေကြောင်းလိုင်း၏ အဲယားဘတ်စ် အေ ၃၂၀ လေယာဉ်ထံမှ နောက်ဆုံးသတင်းပို့ဆက်သွယ်ချက်ရရှိပြီးနောက် ဂျာကာတာလေဆိပ် လေကြောင်းထိန်းသိမ်းရေးစခန်းက နောက်ပိုင်းတွင် ဆက်သွယ်မှုများပြုလုပ်ရန်ကြိုးစားခဲ့သော်လည်း လေယာဉ်ထံမှ ပြန်ကြားချက်တစ်စုံတစ်ရာမရရှိခဲ့ဟုသိရသည်။ လေယာဉ်မှူးနှစ်ဦးစလုံးအိပ်ပျော်နေသည့်ကာလအတွင်း လေယာဉ်သို့ ရေဒီယိုဆက်သွယ်မှုပြုလုပ် ခြင်းများ တစ်စုံတစ်ရာပြုလုပ်၍မရခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

လေယာဉ်မှူးက ၂၈ မိနစ်အကြာတွင် အိပ်ပျော်ရာမှ ပြန်နိုးလာခဲ့ပြီး ၎င်း၏တွဲဘက်လေယာဉ်မှူးကလည်း အိပ်ပျော်နေသည်ကို တွေ့ရှိခဲ့သည်။ လေယာဉ်မှာလည်း ပျံသန်းရမည့်လမ်းကြောင်းမှ ကွေ့၍ပျံသန်းနေသည်ကို ၎င်းကတွေ့ရှိခဲ့သည်။ ထို့နောက်တွင်မူ လေယာဉ်မှူးနှစ်ဦးစလုံး အိပ်ရာမှနိုးလာခဲ့ကြပြီးနောက် ဂျာကာတာလေဆိပ်မှ သတင်းပို့ချက်များအား ပြန်လည်ဆက်သွယ်နိုင်ခဲ့ကာ လေယာဉ်အား မူလ ဦး တည်ရာ ဂျာကာတာမြို့လေဆိပ်သို့ ဘေးအန္တရာယ်ကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပျံသန်းရေးခရီးစဉ်မစတင်မီ လေယာဉ်မှူးများအား ဆေးစစ်ဆေးချက်များအရမူ ၎င်းတို့က လေယာဉ်ကို ထိန်းသိမ်းမောင်းနှင်ရန် ကောင်းမွန်သည့်ကျန်းမာရေးအခြေအနေတွင် ရှိကြောင်းတွေ့ခဲ့ရသည်ဟု ဆိုသည်။ ၎င်းတို့၏သွေးတိုးနှုန်း၊ နှလုံးခုန်နှုန်းတို့က ပုံမှန်ပင်ဖြစ်ကာအရက်သေစာသောက်သုံးထားမှုများလည်းမရှိကြောင်း ဆေးစစ်ချက်များအရ တွေ့ခဲ့ရသည်။ သို့သော် ၎င်းတို့က အပြည့်အဝအနား ယူရန်လိုအပ်နေကြခြင်းဟု ယူဆခဲ့ကြသည်။

လေကြောင်းအာဏာပိုင်များက ထိုဖြစ်ရပ်နှင့်ပတ်သက်၍ Batik လေကြောင်းလိုင်းအပေါ် ပြင်းထန်စွာ ပြစ်တင်ပြောကြားခဲ့ပြီး လေကြောင်းလိုင်းအနေဖြင့် လေယာဉ်အမှုထမ်းများ၏ နားနေချိန်များကို ပို၍ အလေးထားအာရုံထားသင့်ကြောင်း ပြောခဲ့ကြသည်။

Batik လေကြောင်းလိုင်းကလည်း ၎င်းတို့တွင် လေယာဉ်အမှုထမ်းများကောင်းစွာနားနေချိန်ရရန် မူဝါဒ ရှိပါကြောင်းနှင့် လေယာဉ်ခရီးစဉ်များအားလုံး၏ လုံခြုံစိတ်ချရမှုအကြံပြုချက်များကို အကောင်အထည် ဖော်နေကြောင်းပြောခဲ့သည်။ ၂၀၁၉ ခုနှစ်ကလည်း Batikလေကြောင်းလိုင်းလေယာဉ်မှူးတစ်ဦးမှာ ပျံသန်းနေစဉ် မူးမေ့သတိလစ်သွားခဲ့၍ လေယာဉ်မှာမြေပြင်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသေးသည်။

Ref- BBC

Leave a Reply

Your email address will not be published. Required fields are marked *