MT News
၁၁. ၃. ၂၀၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအတွင်းသို့ AA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆိုပြီး ပြန်လာသည့် အပြစ်မဲ့ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ AA လက်နက်ကိုင်များသည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပါဒလိပ်ကျေးရွာရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆို၍ ပြန်လာသော ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက် ရှိကြောင်းနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။

AA လက်နက်ကိုင်များအနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး ယခု ဖြစ်စဉ်တွင်လည်း ၎င်းတို့၏ မဆင်မခြင် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့အနာဂတ်ဖြစ်သည့်ကလေးငယ်များ၏ ပညာရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို များစွာ ထိခိုက်စေခဲ့သည်။

လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စာမေးပွဲဖြေဆိုနေသည့် ကလေးငယ်များအားလုံး ဘေးကင်းလုံခြုံစွာဖြင့် စာမေးပွဲဆက်လက်ဖြေဆိုနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *