၆. ၃. ၂၀၂၄
Written by Ye Kyaw

ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်အတွင်း ငွေလဲလှယ်နှုန်း ဟွာဟချက်ကျဉ်းမြောင်းစေရန် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကို ရောင်းချပေးခြင်းအပြင် ဝယ်ယူပေးခြင်းများကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေရန် ပို့ကုန်လုပ်ငန်းရှင်များ အပါအဝင် နိုင်ငံခြားဝင်‌ငွေရှိသူများအတွက် လုပ်သာကိုင်သာဖြစ်စေရန် ပို့ကုန်များပိုမိုဝင်ရောက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေရန်အတွက် ငွေလဲလှယ်နှုန်းစနစ်များကို ဈေးကွက်အခြေခံငွေလဲလှယ်နှုန်း စနစ်တစ်ရပ်ဖြစ်သည့် ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေလဲလှယ်နှုန်း စနစ်တစ်ရပ် (Managed Floating Exchange Rate Regime) အား Online Trading တွင် ရောင်းချလျက်ရှိသည်။

ထိုသို့ ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်အား ကျင့်သုံးခြင်းသည် ငွေလဲလှယ်နှုန်းများအကြား ကွာဟချက်ကျဉ်းမြောင်းစေရန် ငွေလဲလှယ်နှုန်းပြောင်းလဲမှု အတက်/အကျ လွန်စွာမြင့်မားမှုမရှိစေရန် လိုအပ်သလိုထိန်းကျောင်းသွားသည့် စနစ်တစ်ရပ်ဖြစ်သည်။

ထိုသို့ ထိန်းကျောင်းနိုင်ရန် နိုင်ငံခြားငွေများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့အား နိုင်ငံခြားငွေကြေးဈေးကွက်တွင် လိုအပ်သလိုဝင်ရောက် ရောင်းဝယ်ခြင်း (Intervention) ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ယခင်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း အတက်အကျအား ထိန်းကျောင်းနိုင်ရန် ဖြစ်သင့်သည့် ဒေါ်လာဈေးနှုန်းထက် မြင့်တက်နေချိန် ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ဒေါ်လာများ ထုတ်ရောင်းပေးခြင်းနှင့် ဈေးနှုန်းကျဆင်းနေချိန်တွင် ပြင်ပဈေးနှုန်းထက် မြင့်သည့်ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူခြင်းတို့ကို ဆောင်ရွက်ပေးခဲ့မှုများရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *