၄. ၃. ၂၀၂၄
Written by Hey Mar

မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစဉ်းငုံဈေးကွက် လက်ရှိမှာအေးစက်နေပြီး ပဲတီစိမ်းကတော့ ဈေးစဖွင့်စအချိန်မှာ ဗဟိုဘဏ်ရဲ့ ကုန်သွယ်ငွေကြေးပြဿနာ ကောလဟလပေါ်မူတည်ပြီး ကုန်သည်တွေဈေးနှိမ်ကောက်ရာက ပြန်ဦးမော့မလာတော့သလို ပဲစင်းငုံကလည်း ပြည်ပလှောင်လက် လိုအပ်ချက်နဲ့ ပြည်တွင်းလှောင်လက် ကုန်သည်တွေကြား ကုလားပဲ ပေါ်ချိန်မှာမူတည်ပြီး ဈေးကွက်အခြေအနေ ထပ်စောင့်ကြည့်ရမယ့် အခြေအနေလို့ ပဲစိုက်တောင်သူတချို့နဲ့ တိုင်းတောင်သူဖွံ့ဖြိုးအသင်းတာဝန်ရှိသူတွေနဲ့ ပဲကုန်သည်တချို့က ဆိုပါတယ်။

ဆောင်းသီးနှံ ပဲတီစိမ်း လက်ကျန်ကောက်ရမယ့် လက်ရှိအချိန်အထိ ပဲတီစိမ်းဈေးက အေးနေဆဲဖြစ်ကာ အခုနှစ်က အစောပိုင်းမှာ ရာသီဥတုဒဏ်လည်း ရန်ကုန်တိုင်းဒေသကြီး ခရမ်းသုံးခွဘက်က ပဲစိုက်တောင်သူတချို့ ကြုံတွေ့ခဲ့ရတဲ့အတွက် အထွက်နှုန်းလည်း ကျနေသလို ပဲတွေမှာလည်း အလုံးလှီပြီးအရည်သွေးကျတဲ့အတွက် ဈေးကွက်မှာမျက်နှာပန်းမလှခဲ့ဘူးလို့ ခရမ်း၊ သုံးခွဘက်က ပဲစိုက်တောင်သူတချို့က ဆိုပါတယ်။

ပဲတီစိမ်းဈေးကွက်မှာ တရုတ်ဝယ်လက်က အဓိကနဲ့ EU နိုင်ငံတွေဆီ အနည်းငယ်တင်ပို့တာရှိပေမယ့် ဒီနှစ်မှာတော့ တရုတ်ပြည်ကို ကုန်းလမ်းကနေ တင်ပို့လို့မရဘဲ သင်္ဘောနဲ့ တင်ပို့ရတဲ့ ရေလမ်းကြောင်းကို အဓိက အားထားနေရတဲ့အခါ ပဲတီစိမ်းတွေ ရန်ကုန်ကုန်သိုလှောင်ရုံတွေမှာစောင့်ဆိုင်းသောင်တင်နေတဲ့ အနေအထားလို့ ရန်ကုန်တိုင်းတောင်သူဖွံ့ဖြိုးတိုးတက်ရေးအသင်းဝင်လည်းဖြစ်ပြီး ပဲစိုက်တောင်သူတစ်ဦးလည်းဖြစ်တဲ့ ခရမ်းမြို့မှ ကိုဇော်မင်းထွန်းက MT news ကို ပြောပါတယ်။

ကိုဇော်မင်းထွန်းက ‘’ဒီနှစ်က ပဲတီစိမ်းက ဇန်နဝါရီလ ဈေးကွက်အဖွင့်ကတည်းက အေးတယ်။ အခုအချိန်မှာနောက်ကျကောက်တဲ့ တောင်သူတချို့ရှိနေသေးပေမယ့် ဈေးကွက်ကတော့ စောစောပိုင်းကဈေးကို မမှီတော့ဘူး။ အစောပိုင်းကကြတော့လည်း ငွေပြဿနာတွေကပေါ်လိုက်သေးတော့ ကုန်သည်တွေက အဲ့ဒါကိုနင်းပြီး ဈေးနှိမ်ကောက်ကြတာပေါ့။ အဲ့ဒီကနေပြီး ပဲဈေးကျတယ်ပေါ့ဗျာ။ အခုထိပြန်ပြီး ဦးမော့လာတာ မရှိဘူးပေါ့” လို့ ဆိုပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ မတ်ပဲနဲ့ ပဲစင်းငုံက ဈေးကောင်းရရှိခဲ့ပေမယ့် အဲဒီ့နောက်ပိုင်းရက်တွေကနေ ပို့ကုန်ပဲမျိုးစုံဈေးကွက် အေးနေပြီး ဈေးအနည်းငယ် ကျနေတာဟာ ဗဟိုဘဏ်ရဲ့ ပို့ကုန်ရငွေ မူဝါဒအပြောင်းအလဲတွေကြောင့် ဖြစ်နိုင်တယ်လို့ ပဲကုန်သည်အသိုင်းအဝိုင်းမှာ ပြော ဆိုမှုတွေ ရှိလာတာကြောင့် စီးပွား/ကူးသန်းဝန် ကြီးဌာနက လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မဟုတ်မမှန်ပြောကြားမှုတွေသာ ဖြစ်တယ်လို့ တုံ့ပြန် ဖြေရှင်းလာတာကို ဖေဖာ်ဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မတ်လထဲမှာကတော့ ပဲတီစိမ်းဈေးတွေက နှစ်တိုင်းအေးပြီးတက်ဖို့ အလားအလာလည်း မရှိတော့တဲ့အတွက် သည်နှစ်ကတော့ ပဲတီစိမ်းက တောင်သူအရှုံးပြနေပြီး တခြား ပဲစဉ်းငုံ နဲ့ ကုလားပဲတော့ မျှော်လင့်ချက်ရှိမယ်လို့ သိရပါတယ်။

‘’မတ်လထဲမှာတော့ ပဲစင်းငုံဈေးကွက်က အရောင်းအဝယ် ပြန်လှုပ်လာနိုင်တယ်။ ပဲက လှောင်လက်က ပြည်ပပို့ကုန်ရှင်ကြီးတွေဆီမှာတင်မကဘဲ ပြည်တွင်းကုန်သည်တွေကလည်း တနိုင် လှောင်ထားတာတွေ ရှိနေတယ်။ မတ်လဒုတိယအပတ်မှာ ကုလားပဲဈေးကွက်ကလာတော့မယ်။ အဲ့ဒီအခါ ပြည်တွင်း လုပ်ငန်းရှင်တွေက နောက်ပဲကို ရင်းနှီးဖို့ ရှေ့ကလှောင်ထားတာကို မဖြစ်မနေကိုပြန်ထုတ်ကြမှာမို့ ဈေးခန့်မှန်းလို့မရသေးဘူး။ သိရသလောက်က Treader ကြီးတွေမှာ ခန့်မှန်းတန်ချိန်အကုန်မရောက်သေးတဲ့ အနေအထားဆိုရင်တော့ ဈေးက ကောင်းနိုင်တယ်။ မဟုတ်ရင်တော့ နောက်သီးနှံပေါ်ပြီမို့ ရှေ့က ပဲစင်းငုံကို မဖြစ်မနေထုတ်ကို ထုတ်ရတော့မှာ။ ဒါမှ နောက်သီးနှံမှာရင်းလို့ရမှာမို့ ဈေးကစောင့်ကြည့်ရမယ်။ ပဲကတော့ Local Treader တွေလက်ထဲ ကျန်နေသေးတယ်” လို့ မကွေးတိုင်း တောင်သူဖွံ့ဖြိုးရေးအသင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးလွင်အေးကပြောပါတယ်။

လက်ရှိအချိန်အထိ မန္တလေးနဲ့ ရန်ကုန် ကုန်စည််ဒိုင် ရည်ညွှန်းဈေးကွက်အရ မတ်ပဲ၊ ပဲစဥ်းငုံနီ စျေးကွက် ထပ်မံကျဆင်းနေသလို ပြောင်းဆံ၊ ပဲတီစိမ်း စျေးကွက်လည်း ကျဆင်းလာပါတယ်။ မတ်ပဲကတော့ အိန္ဒိယဘက်က မတ်ပဲအဝယ်အေးသွားတဲ့အပြင် ပြည်တွင်းမှာ ပို့ကုန်ရငွေအပေါ် မူဝါဒ ပြောင်းလဲမှုအချို့ ကောလဟလသတင်းထွက်ရှိလာတာကြောင့် ကုန်သည်တွေကပါ စျေးချဝယ်နေပြီး မတ်ပဲစျေး ဆက်တိုက်ကျဆင်းလာတာဖြစ်ပါတယ်။

၂၀၂၃- ၂၀၂၄ ခုနှစ် ဘဏ္ဏာနှစ်အတွက် မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံပြည်ပတင်ပို့မှုမှာ မတ်ပဲက -ကီလိုထောင်ပေါင်း ၆၉၂၅၀၈ ဒသ ၈၄၉ ကီလိုနဲ့ အမေရိကန်ဒေါ်လာ ၆၃၆ ဒသမ ၃၄၂သန်း ၊ ပဲစဉ်းငုံက ကီလိုထောင်ပေါင်း ၁၆၆၆၃၃ ဒသမ ၉၀၉ နဲ့ အမေရိကန်ဒေါ်လာ ၁၅၆ ဒသမ ၂၀၃သန်း၊ ပဲတီစိမ်းက ကီလိုထောင်ပေါင်း ၃၈၁၃၇၀ ဒသမ ၁၀၄ နဲ့ အမေရိကန်ဒေါ်လာ ၂၅၆ ဒသမ ၁၂၂ သန်းတင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *