၄. ၃. ၂၀၂၄
Written by Pan Ei

ဟေတီနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ်ကို ရာထူးကနေ ဖယ်ရှားဖို့ တွန်းအားပေးတဲ့ ဂိုဏ်းတွေက နိုင်ငံရဲ့ အကြီးဆုံးအကျဉ်းထောင်နှစ်ခုကို တိုက်ခိုက်ပြီးနောက် ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့တာကြောင့် ဟေတီအစိုးရက ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။

လူသတ်သမားတွေ၊ ပြန်ပေးဆွဲသူတွေနဲ့ အခြားအကြမ်းဖက် ရာဇ၀တ်ကောင်တွေ ထွက်ပြေးလွတ်မြောက်သွားပြီလို့ အစိုးရက ထုတ်ပြန်ထားတာကြောင့် ၇၂ နာရီကြာ အရေးပေါ်အခြေအနေဟာ ချက်ချင်းအသက်ဝင်သွားခဲ့ပြီး ညမထွက်ရအမိန့်ဟာ ညနေ ၆ နာရီကနေ နံနက် ၅ နာရီအထိ အသက်ဝင်မှာ ဖြစ်ပါတယ်။

အမျိုးသားလူ့အခွင့်အရေးကာကွယ်ရေးကွန်ရက် Pierre Esperance က စနေနေ့ညက တိုက်ခိုက်မှုအပြီးမှာ တိုက်ခိုက်ခံရတဲ့ ထောင်တစ်ခုအတွင်း ခန့်မှန်းခြေ အကျဉ်းသား ၃၈၀၀ အနက် ၁၀၀ ခန့်သာ ကျန်ရှိတော့တယ်လို့ ဆိုပြီး ဒုတိယ အကျဉ်းထောင်မှာ အကျဉ်းသား မည်မျှ ထွက်ပြေးလွတ်မြောက်ခဲ့တယ်ဆိုတာကို အတိအကျ မသိရသေးကြောင်း ပြောကြားခဲ့သလို အဲ့ဒီအကျဉ်းထောင်မှာ အကျဉ်းသား ၁၄၅၀ ဦးကို ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုတွေကြောင့် အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက ပြောကြားခဲ့ပါတယ်။

 

ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေကို ခြေရာခံပြီး ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေကို ဖမ်းဆီးဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်မယ့် အမျိုးသား ရဲတပ်ဖွဲ့ကို ဆက်လက်ပံ့ပိုးပေးဖို့ အာဏာပိုင်တွေက ပြည်သူတွေကို သတိပေးထားပါသေးတယ်။

ဟေတီနိုင်ငံရဲ့ သမ္မတဟောင်း Moise လုပ်ကြံခံရပြီးနောက် ၂၀၂၁ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ Henry ဟာ ဖေဖော်ဝါရီလအစောပိုင်းက ရာထူးမှနုတ်ထွက်ဖို့ ရည်မှန်းထားပေမဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေးတစ်ခုအတွက် ကင်ညာနိုင်ငံကို မသွားရောက်မီ အခြေအနေတွေ ပိုတည်ငြိမ်လာနိုင်တဲ့ ၂၀၂၅ ခုနှစ် သြဂုတ်လမှသာ ရွေးကောက်ပွဲကျင်းပမှာဖြစ်ကြောင်း ပြောကြားခဲ့တာကြောင့် ဆူပူမှုတွေ ဖြစ်ပွားလာခဲ့ပြီး နိုင်ငံရဲ့ နောက်ဆုံး ရွေးကောက်ပွဲကိုတော့ ၂၀၁၆ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။

Ref; Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *

Related News