၄. ၃. ၂၀၂၄
Written by Ye Kyaw

ဗဟိုဘဏ်မှ ၂၀,၀၀၀ တန်ငွေစက္ကူ ကောလာဟလသတင်းများကို ဖြေရှင်းပြီးနောက် ကျပ် ၃၉ သိန်းအောက်သို့ ပြန်ကျဆင်းခဲ့သည့် ပြည်တွင်း‌ရွှေဈေးမှာ ယခုရက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ကျပ် ၃၉ သိန်းကျော်သို့ ပြန်မြင့်တက်လာခဲ့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ကမ္ဘာ့‌ရွှေဈေးတက်လာလို့ပါ။ ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၂၀၈၀ ကျော်သွားပြီ။ အဓိကတော့ ကမ္ဘာ့ရွှေဈေးတက်လို့ပါ။ ရန်ကုန်ကို ရွှေအဝင်လည်းနည်းတယ်။ နည်းတယ်ဆိုတာက နယ်တွေမှာလည်း နှမ်းပေါ်၊ ပဲပေါ်ရာသီ ဖြစ်လာတဲ့အခါ အလှူအတန်းတွေနဲ့ နယ်ကုန်သည်တွေကလည်း နယ်မှာပဲ ရောင်းကြ၊ ဝယ်ကြ အဲလိုလေးတွေကြောင့် နယ်အရောင်းပွင့်နေတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ် ၂၀၀၀၀ တန် ငွေစက္ကူများ အကန့်အသတ်ဖြင့်သာ လဲလှယ်ပေးနေပြီး မတ်လအတွင်း ထွက်ရှိမည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဆောင်ရွက်သူများကို အရေးယူမည်ဟု ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျပ် ၃၉ သိန်းခွဲအထိ ဆွဲတင်ထားသည့် ပြည်တွင်းရွှေဈေးသည် ကျပ် ၃၉ သိန်းအောက်သို့ ချက်ချင်းကျဆင်းခဲ့ခြင်းဖြစ်သည်။

သို့သော် ကမ္ဘာ့ရွှေဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၃ ရက်အထိ တစ်အောင်စလျှင် ဒေါ်လာ ၂၀၂၀ ဝန်းကျင်သာရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၉ ရက်အထိ တစ်အောင်စလျှင် ဒေါ်လာ ၂၀၃၀ ကျော်ဖြစ်ပေါ်ခဲ့ပြီး မတ်လ ၁ ရက်တွင် တစ်အောင်စလျှင် ၄၆ ဒေါ်လာသို့ မြင့်တက်ခဲ့သည့်အပြင် မတ်လ ၂ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၂၀၈၀ ကျော်အထိ စတင်မြင့်တက်ခဲ့သလို ယနေ့တွင်လည်း တစ်အောင်စလျှင် ၂၀၈၀ ဒသမ ၇၉ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်း ဖေဖော်ဝါရီ ၂၇ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၈၈၀,၀၀၀ သို့ ပြန်ကျခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျပ် ၃၉ သိန်းသို့ ပြန်လည်ရောက်ရှိကာ မတ်လ ၃ ရက် (ယမန်နေ့)တွင် ကျပ် ၃,၉၄၀,၀၀၀ အထိ မြင့်တက်ခဲ့သည်။ မတ်လ ၄ ရက် (ယနေ့) နံနက် ၁၁ နာရီအထိ ပြည်တွင်း‌ရွှေဈေးနှုန်းများ ထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News