၄. ၃. ၂၀၂၄
Written by Pan Ei

ကမ္ဘာ့လျှို့ဝှက်အဆန်းကြယ်ဆုံး လေကြောင်းဆိုင်ရာ ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်တဲ့ မလေးရှားလေကြောင်းလိုင်းက MH370 ဟာ ပျံသန်းနေရင်း ပျောက်ဆုံးသွားတာဟာဆိုရင် ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး အဆိုပါ ၁၀ နှစ်ပြည့်အဖြစ် ကျင်းပခဲ့တဲ့နှစ်ပတ်လည်ပွဲနေ့မှာ MH370 လေယာဉ်ကို အသစ်တဖန်ရှာဖွေဖို့ မလေးရှားက စီစဉ်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ခရီးသည် ၂၂၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး တင်ဆောင်လာတဲ့ ဘိုးရင်း ၇၇၇ လေယာဉ် MH370 ဟာ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ပေကျင်းမြို့ကို မတ်လ ၈ ရက်၊ ၂၀၁၄ ခုနှစ်က ပျံသန်းနေချိန် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ မလေးရှားက စုံစမ်းစစ်ဆေးသူတွေဟာ လေယာဉ်က လေယာဉ်လမ်းကြောင်းကနေ တမင်တကာ ထွက်ခွာသွားခဲ့တယ်ဆိုတဲ့ ဖြစ်နိုင်ချေကို ကနဦးမှာ ငြင်းဆိုထားခြင်း မရှိတဲ့အပြင် အဲ့ဒီလေယာဉ်ကလို့ ယူဆရတဲ့ တချို့သော အပျက်အစီးတွေကို အာဖရိက ကမ်းရိုးတန်းတစ်လျှောက်နဲ့ အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းတွေပေါ်မှာ တွေ့ရှိခဲ့ပါတယ်။

မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke က အမေရိကန် ပင်လယ်ကြမ်းပြင် ရှာဖွေရေး ကုမ္ပဏီ Ocean Infinity နဲ့ ရှာဖွေရေး အဆိုပြုချက်ကို ဆွေးနွေးထားပြီး အစိုးရက MH 370 လေယာဉ်ကို ရှာဖွေဖို့အတွက် ကတိကဝတ်ပြုထားကာ ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Loke က မနေ့က ပြုလုပ်ခဲ့တဲ့ လေယာဉ်ပျောက်ဆုံးမှု ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

Ocean Infinity ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်ကလည်း အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကို ရှာဖွေဖို့ မလေးရှားနဲ့ပူးပေါင်းခဲ့ဖူးပြီး လေယာဉ်ကို တွေ့ရှိပါက ဒေါ်လာ သန်း ၇၀ အထိ ပေးဆောင်ဖို့ မလေးရှားကို ကမ်းလှမ်းခဲ့ရာ အခုအခါမှာလည်း ပထမရှာထားတဲ့နေရာကနေ ချဲ့ထွင်ကာ ရှာဖွေမှု ပြန်လည်စတင်မှာဖြစ်ပြီး “ရှာမတွေ့၊ ငွေမယူ” ဆိုတဲ့ မူနဲ့ Ocean Infinity ရဲ့ အဆိုပြုချက်ကို မလေးရှားက လက်ခံလိုက်တာ ဖြစ်ပါတယ်။

မလေးရှား၊ တရုတ်နဲ့ သြစတြေးလျတို့ကလည်း ပူးပေါင်းပြီး နှစ်နှစ်ကြာ ရေအောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ဖူးပြီး အမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ၄၆ သန်း ကုန်ကျခဲ့သလို လေယာဉ်ကိုတော့ ရှာမတွေ့နိုင်ခဲ့ဘဲ အချည်းအနှီးဖြစ်ခဲ့ရာက ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ရှာဖွေမှုကို အဆုံးသတ်ခဲ့ပါတယ်။

အခု ပြန်လည်စတင်မဲ့ ရှာဖွေမှုနဲ့ ပတ်သက်ပြီးလည်း ပျောက်ဆုံးလေယာဉ်မှာ လိုက်ပါသွားသူ တစ်ဦးရဲ့ ခင်ပွန်းဖြစ်သူ နာသန် က “ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်စေလိုပေမဲ့ လက်တွေ့ကျဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့က အစိုးရကို ရှာဖွေမှုအတွက် ဘီလျံနဲ့ချီပြီး အကုန်အကျခံဖို့တော့ မမျှော်လင့်နိုင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

လျှို့ဝှက်ဆန်းကြယ်စွာနဲ့ ဒီနေ့အထိ အဖြေမထုတ်နိုင်သေးဘဲ ပျောက်ဆုံးနေတဲ့ အဆိုပါလေယာဉ်မှာ တရုတ်နိုင်ငံသား ၁၅၂ ဦးနဲ့ မလေးရှားမှ ၅၀ ဦးတို့အပြင် သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ နယ်သာလန်၊ နယူးဇီလန်၊ ရုရှား၊ ထိုင်ဝမ်၊ ယူကရိန်းနဲ့ အမေရိကန်တို့က ခရီးသည်တွေလည်း လိုက်ပါသွားခဲ့ကြတာပါ။

မနေ့က ပြုလုပ်ခဲ့တဲ့ လေယာဉ်ပျောက်ဆုံးမှု ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားမှာ လေယာဉ်ပေါ်ပါသွားသူတွေရဲ့ ရာနဲ့ချီတဲ့ ဆွေမျိုးတွေနဲ့ ထောက်ခံသူတွေက ကွာလာလမ်ပူမြို့အနီးက ဈေးဝယ်စင်တာတစ်ခုမှာ စုဝေးခဲ့ကြပြီး လေယာဉ်ပေါ်မှာ ပျောက်ဆုံးသွားသူ ခရီးသည်တစ်ဦးစီတိုင်းအတွက် ဖယောင်တိုင် တစ်တိုင်စီနဲ့ စုစုပေါင်း ဖယောင်းတိုင် ၂၃၉ တိုင်ကို ထွန်းညှိ ဆုတောင်းပေးခဲ့ကြပါတယ်။

Ref; Reuters; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *

Related News