၄. ၃. ၂၀၂၃
Written by Thettant

မန်ယူအသင်းမှာ အဝေဖန်အခံရဆုံးထဲက အိုနားနားဟာ ပွဲချိန် ၈ မိနစ်မှာ ဘောလုံးကို ကန်တင်လိုက်တယ်။ အဲဒီဘောလုံးကို ဖာနန်ဒက်ဇ်ဆီရောက်လို့ သူက ရအောင်လိုက်ယူပြီး မန်စီးတီးရဲ့ အကောင်းဆုံးနောက်ခံလူထဲကတစ်ယောက်ဖြစ်တဲ့ ဝေါ်ကာကို လူကာပြီး ပြေးထွက်လာတဲ့ ဂိုးပေါက်ပျောက် ရက်ရှ်ဖို့ဆီ ထိုးပေးလိုက်ချိန် ၂၅ ကိုက်အကွာကနေ ရက်ရှ်ဖို့က ကမ္ဘာ့အကောင်းဆုံးဂိုးသမားအီဒါဆန်စောင့်နေတဲ့ ဂိုးပေါက်ဆီတန်းကန်တယ်။ အဲဒီဂိုးက အီဒါဆန်ရဲ့ ညာဘက်အပေါ်ထောင့်ဂိုးဘားတန်းအောက်ခြေကိုထိပြီး ဂိုးသွားတယ်။ ကန်ချက်ရဲ့ကောင်းမွန်မှုက အီဒါဆန်မှမဟုတ်ဘူး။ တခြား ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ဂိုးသမားတွေလည်း ဖမ်းနိုင်ဖို့မလွယ်တဲ့ ကန်ချက်မျိုး။ သေသပ်လှပတယ်။

မန်ယူနိုင်တယ်။ ရက်ရှ်ဖို့ဂိုးသွင်းတယ်။ လောကဓံရဲ့ ပုံမှန်ပြကွက်တွေလို့ ပထမပိုင်းအပြီးမှာ မန်ယူပရိသတ်တွေ ဝံ့ကြွားတယ်။

ကြွားလည်းကြွားချင်စရာ။ ကမ္ဘာ့အကောင်းဆုံးဖြစ်နေတဲ့မန်စီးတီးအိမ်ကွင်းကို လူမစုံတဲ့ ခြေစွမ်းမမှန်တဲ့ မန်ယူက လာကန်ချိန်မှာ ပွဲအစတင် မန်ယူက လှလှပပဂိုးသွင်းထားတဲ့အပြင် အိုနားနားနဲ့ တစ်ယောက်ချင်းတွေ့တဲ့ ဖိုဒန်ကဂိုးမဝင်ဘူး။ ၆ ကိုက်အကွာက ဂိုးသမားမရှိတဲ့ဂိုးပေါက်ကို ဘောလုံးပိတ်သွင်းရတဲ့ ဟာလန်းက လွဲတယ်။ ဒီတော့မန်ယူနိုင်မယ်ထင်ကုန်ကြတယ်။

တကယ်တော့လည်း ဒီညကြေးပေါက်ကိုကြည့်ဦး။ သမိုင်းထဲမှာ အခမ်းနားဆုံးအိပ်ပျော်နေတဲ့ မန်ချက်စတာဟာအနီရောင်ပါလို့ ​ကြွေးကြော်နေတဲ့သူတွေ သောက်မြင်ကက်လောက်အောင်ကို ဘွတ်ကီတွေက မန်စီးတီးဘော်ဒီကြေး နှစ်လုံး ၅၀ စား ဖွင့်ချလိုက်တာ သရဲနီတွေကို အထင်သေးလွန်းရာကျသွားတယ်။ ဒီအချိန်မှာ ရက်ရှ်ဖို့ဂိုးစသွင်းတော့ သုံးဂိုးပြန်သွင်းမှ ၅၀ ပဲပြန်စားရမယ်ဆိုတော့ မန်ယူသမားတွေ ပျော်ကုန်တယ်။

ဒါပေမဲ့လည်း မန်စီးတီးရုန်းထလာတော့ ဖိုဒန်ကပဲ ပွဲချိန် ၅၈ မိနစ်နဲ့ ပွဲချိန် မိနစ် ၈၀ မှာ အဝေးကန်ချက်တွေနဲ့ မန်ယူနောက်ခံလူတွေကြားကနေပဲ အိုနားနားကို ထောင့်ဖြတ်တွေချည်း ကန်ပြီး လှလှပပဂိုးသွင်းယူသွားတဲ့အပြင် ပထမပိုင်းက ၆ ကိုက်အကွာက ဂိုးပေါက်လွဲတဲ့ဟာလန်းကပါ ပွဲချိန် ၉၁ မိနစ်မှာ ထပ်သွင်းသွားလို့ ခဏတာကျောက်ထတဲ့ မန်ယူ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားသလို မန်ယူယုံမိတဲ့သူတွေလည်း ထုံးစံအတိုင်းဘဝပျက်တယ်။

တကယ်တော့ ဒီပွဲက မန်ယူကံကောင်းပြီး မန်စီးတီးကံခေတာပါ။ စီးတီးက ဂိုးပေါက်ကို ၂၇ ကြိမ်ကန်တယ်။ ၈ ကြိမ်ဂိုးပေါက်တည့်တယ်။ အိုနားနားခြောက်ကြိမ်ကာကွယ်လို့ ၂ ဂိုးပဲရတယ်။ မန်ယူက ဂိုးပေါက်နှစ်ကြိမ်ပဲ ကန်ခွင့်ရတယ်။ တစ်ကြိမ်က ဂိုးပေါက်မတည့်ဘူး။ မန်စီးတီးက ထောင့်ကန်ဘော ၁၅ ကြိမ်ရတယ်။ မန်ယူကနှစ်ကြိမ်။ ဘောလုံးပိုင်ဆိုင်မှုက မန်ယူက ၂၅ ရာခိုင်နှုန်းပဲရှိပြီး မန်စီးတီးက ၇၅ ရာခိုင်နှုန်း။ အချက်အလက်တွေထိုင်ရေနေရင်ကို မန်စီးတီးက အစစအရာရာသာသလို ပွဲချိန်ကလည်း ၉၉ မိနစ်ကြာပြီး ၃ ဂိုး ၁ ဂိုးနဲ့ အဆုံးသတ်မှာတော့ မန်ချက်စတာဟာ အပြာရောင်ဖြစ်သွားပြီဆိုတာ အိပ်မက်ကဇာတ်ရုံမှာ သမိုင်းထဲအိပ်ပျော်နေတဲ့သူတွေ လက်မခံချင်ဘဲ လက်ခံလိုက်ရတယ်…။

Leave a Reply

Your email address will not be published. Required fields are marked *