MT News
၃.၃. ၂၀၂၄

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် လားရှိုးမြို့နေပြည်သူများနှင့် ထိခိုက်မည်စိုးသည့် အဖွဲ့အစည်းအသီးသီးမှ မိမိတို့ဝန်ထမ်းများကို ပြန်လည်ခေါ်ယူမှုများ ယခင်ရက်ပိုင်းကဖြစ်ပွားခဲ့အပြီး လက်ရှိတွင် လားရှိုးမြို့မှ ခေတ္တပြောင်းရွှေ့ထားသော ကုလသမဂ္ဂဝန်ထမ်းများသည်လည်း လုံခြုံရေးအခြေအနေကောင်းမွန်လာသောကြောင့် မကြာမီ ပြန်လည် ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်သော UNOCHA ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNOCHA ၏ ဖော်ပြမှုများအရ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံတဝှမ်းရှိ လူပေါင်း ၁၈ ဒသမ ၆ သန်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိပြီး အခြေခံလိုအပ်ချက်များ ပြည့်မီနိုင်စွမ်းကိုထိခိုက်သည့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ ပဋိပက္ခနှင့်မလုံခြုံမှုများ၊ အရပ်သားဘေးကင်းလုံခြုံရေးနှင့်အကာအကွယ်ရရှိမှု အန္တရာယ်များကြားတွင် ရှင်သန်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အတူ ပဋိပက္ခများသည် ရခိုင်ပြည်နယ်၊ နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းတို့တွင် ဆိုးရွားသော အခြေအနေများဖြင့် နိုင်ငံတစ်ဝန်းရှိ နေရာအနှံ့အပြားတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသောကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ဖေဖော်ဝါရီလ (၂၉)ရက်နေ့က ရခိုင် ပြည်နယ်၊ စစ်တွေမြို့လယ်ဈေးကြီးအတွင်းသို့ ကျည်ဆံ ကျရောက်မှုကြောင့် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း ရခိုင် ပြည်နယ်တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလက တကျော့ပြန်ပဋိပက္ခများ ဖြစ်ပွားချိန်ကစတင်၍ ရေလမ်း၊ ကားလမ်းများပိတ်ထားခြင်းကြောင့် စားနပ်ရိက္ခာရှားပါးမှုနှင့် အခြားသောကုန်စည်ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပွားနေသလို မရှိမဖြစ်ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းများ မြင့်တက်နေသည်ဟုလည်း ဆိုသည်။

ထို့အပြင် ဇန်နဝါရီလတွင် သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း မြေမြှုပ်မိုင်းအန္တရာယ်များ၊ လက်နက်ကိုင်အဖွဲ့များမှ တပ်သားသစ်စုဆောင်းမှု၊ သီးခြားတင်းမာမှုများနှင့် သွားလာရေးကန့်သတ်ချက်များသည် ဒေသခံပြည်သူများအတွက် ဘေးအန္တရာယ်များ ရှိနေဆဲဖြစ်ကြောင်း၊ ဖြစ်ပွားဆဲတိုက်ပွဲများ၊ ဘက်ပေါင်းစုံမှချမှတ်ထားသော စီမံရေးရာကန့်သတ်ချက်များ၊ လူမှုကရုဏာလုပ်သားများအား အကြမ်းဖက်မှုနှင့်နှောင့်ယှက်မှုများသည် ဘေးဒဏ်သင့်ပြည်သူများရှိရာသို့ ဝင်ရောက်ပြီး လူမှုကယ်ဆယ်ရေးအကူအညီများဆောင်ရွက်နိုင်ရန်အတွက် အဓိကအတားအဆီးများအဖြစ် ရှိနေဆဲ ဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်တွင် အနည်းဆုံး လူဦးရေ ၃ ဒသမ ၂ သန်းကို အကူအညီများပံ့ပိုးနိုင်ခဲ့သော်လည်း အဆိုပါပံ့ပိုးမှုများသည် ရန်ပုံငွေမပြည့်မှီမှုနှင့် ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များကြောင့် နဂိုမူလစီစဥ်ထားသည့်အတိုင်း နက်ရှိုင်းပြည့်ဝအောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်နှင့်တုံ့ပြန်ဆောင်ရွက်ရေးအစီအစဥ် (HNRP) အရ လူမှုကရုဏာလုပ်သားများသည် လူဦးရေ ၅ ဒသမ ၃ သန်းကို ဦးတည်ပြီး လူမှုကယ်ဆယ်ရေးအကူအညီများ ပံ့ပိုးရန်ရည်ရွယ်ထားပြီး အဆိုပါအရေးပေါ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်ကြောင်း၊ ၂၀၂၃ခုနှစ်တွင် ရရှိခဲ့သော ရန်ပုံငွေပမာဏာ (လိုအပ်သော ရန်ပုံငွေ၏ ၃၇ ရာခိုင်နှုန်းသာ ရရှိခဲ့သည်) အတိုင်းသာ ၂၀၂၄ ခုနှစ်တွင်ရရှိပါက ဘေးဒဏ်သင့်ပြည်သူများအတွက် ကြီးမားသောအခက်အခဲများ ဖြစ်စေမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *