MT News
၁. ၃. ၂၀၂၄

ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများရှိ အဆင့်မြင့်ပညာရေးတက္ကသိုလ်များ (ပညာရေးအဖွဲ့အစည်းများ) နှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းကာ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများအတွက် ပေးအပ်သော အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသော ပညာသင်ဆုအစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်တွင်ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။

ဤငါးနှစ်စီမံကိန်း ပညာသင်ဆုအစီအစဉ်ဖြင့် ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ အဆင့်မြင့်တက္ကသိုလ်များကပေးအပ်သောပညာရေးဘွဲ့များအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်က သင်ကြားပို့ချသော အွန်လိုင်းဘာသာရပ်များကိုလည်း မြန်မာကျောင်းသူကျောင်းသား ၁,၀၀၀ ကျော် ပညာသင်ကြားခွင့် ရရှိမည်ဖြစ်သည်။

ဤပညာသင်ဆုသည် မြန်မာနိုင်ငံတွင်းရှိ အခွင့်အရေးဆုံးရှုံးမှု အများဆုံး ရင်ဆိုင်နေရသော လူငယ်များအား ဦးစားပေးကူညီထောက်ပံ့ပေးသွားပြီး၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအား အကျိုးပြုမည့် မျိုးဆက်သစ်လူငယ်ခေါင်းဆောင်များအား အဆင့်မြင့်ပညာရေးဖြင့် စွမ်းအားမြှင့်တင်သွားရန်ရည်ရွယ်သည့်ပညာရေးအစီအစဉ် ဖြစ်သည်။

“နိုင်ငံ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်အောက် လူငယ်လူရွယ်တွေဖြစ်ပြီး မြန်မာနိုင်ငံဟာ ယင်းလူငယ်တွေမျိုးဆက်ပျောက်ဆုံးမည့် (အနာဂတ်မဲ့) အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုစိုးရိမ်ဖွယ်အခြေအနေမျိုးကို မြန်မာနိုင်ငံက ရင်ဆိုင်နေရတာကြောင့် ယခုပညာသင်ဆုအစီအစဉ်ဟာ ယင်းအခြေအနေကို ကာကွယ်နိုင်အောင် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောသည်။

ပညာသင်ဆု အခွင့်အလမ်းများအပြင် မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ အဆင့်မြင့်ပညာရေး အခန်းကဏ္ဍများ ပိုမိုအားကောင်းလာစေရန်အတွက် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် အခြားသော အဆင့်မြင့်ပညာရေးဆိုင်ရာ အခွင့်အလမ်း အစီအစဉ်များကိုလည်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ပံ့ပိုးလုပ်ဆောင်ပေးလျက်ရှိသည်။

“ဒီပညာသင်ဆုအစီအစဥ်ဟာ ဒေသတွင်းမှာရှိတဲ့ အဆင့်မြင့် ပညာရေးအဖွဲ့အစည်းတွေအတွက် မဟာဗျူဟာမြောက် ပညာရေးရင်းနှီးမြှုပ်နှံမှု ဖြစ်သလို မြန်မာနဲ့ ကမ္ဘာတစ်ဝန်းမှာ ပိုမိုအပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့အတွက် ကျွန်တော်တို့ရဲ့ကြိုးပမ်းလုပ်ဆောင်ချက်ဖြစ်ပါတယ်” ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အာရှရေးရာ လက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ် ရှစ်ဖာက ပြောသည်။

ဤပညာသင်ဆုအစီအစဉ်သည် မြန်မာနိုင်ငံသားများအတွက် အမေရိကန်ပြည်ထောင်စု၏ ရေရှည်ရင်းနှီးမြုပ်နှံမှုတစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပညာသင်ဆုအကြောင်းအသေးစိတ်အချက်အလက်များကို www.usaiddisp.com အင်တာနက်စာမျက်နှာတွင် လေ့လာနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News