၂၈. ၂. ၂၀၂၄
Written by Hey Mar

ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်က မိုင်းခွဲခံခဲ့ရတဲ့ ကျိုက္ကော် – မိုးကောင်း တံတားငယ်ကို ပြည်နယ်အစိုးရ လမ်းညွှန်မှုနဲ့ ဒီနေ့ ၁၁ နာရီခွဲခန့်မှာပဲ ရွှေသံလွင်ကုမ္ပဏီက လမ်း/တံတားအဖွဲ့ အင်အား ၃၅ ဦး၊ ဘက်ဟိုး ၂ စီးတို့နဲ့ ပြန်လည်ပြင်ဆင်မှုတွေ ချက်ချင်းဆောက်ရွက်ခဲ့ရာမှာ ဒီနေ့ ညနေ ၆ နာရီခွဲအချိန်ကစတင်ပြီး ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီလို့ ဒေသခံ ပရဟိတ အသင်းဖြစ်တဲ့ မိုးကောင်း လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

သထုံမြိုနယ် မိုးကောင်းကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၁၃၅/၇)နဲ့ (၁၃၆/၀) ကြား ဖရဲသီးဆိုင်တန်းနားက ကျိုက္ကော် – မိုးကောင်း တံတားငယ်တစ်စင်းကို ဒီနေ့မနက် ၂ နာရီခန့်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတာဖြစ်ပြီး တံတားတစ်စင်းလုံး ကျိုးပဲ့သွားပျက်စီးသွားတာပါ။ ကုန်တင်ယာဥ်ကြီးတွေ သွားလာမရဖြစ်နေကာ တံတားက ချောင်းဖြတ်တံတားငယ်တစ်ခုဖြစ်တဲ့အတွက် ဖောက်ခွဲမှုကြောင့် ကားလမ်းပြတ်တောက်သွားပေမဲ့ ကားငယ်အချိုကတော့ ရွာလမ်းကပတ်ပြီး ဖြတ်သန်းနေခဲ့ရတယ်လို့သိရပါတယ်။

ဒီဖြစ်စဥ်မှာ တံတားမိုင်းဖောက်ခွဲ ဖျက်ဆီးမှုကို KNU နဲ့ PDF တွေ ကျုးလွန်တာဖြစ်ပြီး၊ ဗုံးပေါက်ကွဲမှုကြောင့် လမ်းဘေးဘယ်ညာအိမ်၂လုံး ထိခိုက်ပျက်စီးခဲ့သလို သာမန်ပြည်သူတစ်ဦး ဖြစ်တဲ့ ကိုဖြိုးဝေအောင်ဆိုသူ လည်ပင်းဗုံးစမှန်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့လို သထုံခရိုင်ဆေးရုံ တက်ရောက်ကာကုသနိုင်ရေး ပို့ဆောင်ပေးထားတယ်လို ပြည်တွင်းသတင်းမီဒီယာတွေက ရေးသားထားပြီး KNU နဲ့ PDF တွေကတော့ အဲဒီတံတား ဖောက်ခွဲတာကို သူတို့ မလုပ်ဘူးလို့ ငြင်းဆိုတာလည်း မရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *