၂၈. ၂ .၂၀၂၄
Written by Hey Mar

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ကပျောက်သွားတဲ့ ကလေးငယ် မမေဇင်ကျော်ကို အသက်သေဆုံးလျှက် ဒီနေ့ ညနေပိုင်းက ပြန်လည်တွေ့ရှိခဲ့တယ်လို့ ပျောက်ဆုံးသမီးငယ်ရဲ့ မိသားစုဝင်ထံက သိရပါတယ်။

ဘေးပတ်ဝန်းကျင်ကို သက်ဆိုင်ရာက စုံစမ်းရာမှာ ကလေးကို လူတစ်ဦးက ခေါ်ဆောင်သွားတယ်ဆိုတဲ့ မျက်မြင်သက်သေတွေရှိနေပြီး အခု ကလေးငယ်ကို ပြန်တွေ့တဲ့ ပုံစံက လူမနေတဲ့ အိမ်ခြံဝန်းတစ်ခုရဲ့ ရေသုံးတဲ့ ကျောက်စည်ပိုင်းငယ်ထဲ ရေနစ်သေဆုံးလျှက် ပြန်တွေ့တာလို့ သိရပါတယ်။

သမီးငယ် မေဇင်ကျော်ရဲ့ အဒေါ်ဖြစ်သူက “လူမနေတဲ့အိမ်ရဲ့ရေကန်ထဲမှာပြန်တွေ့ပါပီ ဒါပေမယ့် အသက်မရှိတော့ဘူး” လို့ လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေထားပါတယ်။

မမေဇင်ကျော်တို့ မိသားစုက ကလေးမြို့ အောင်သစ္စာရပ်ကွက် ရွှေကျောင်းတော်အနီးမှာ နေထိုင်ပြီး မမေဇင်ကျော်ရဲ့ အမေက ရပ်ကွက်ထိပ်မှာ အကြော်ရောင်းသလို အဖေက လမ်းတကာလှည့် ရေခဲ့မုန့်စက်ဘီးနဲ့ရောင်းချသူလို့ သိရပါတယ်။ ဖြစ်စဥ်ဖြစ်ပွားတဲ့ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက သားအမိ နှစ်ဦး အလှူအိမ်သွားပြီး အမေဖြစ်သူက အလှူမှာ ပန်းကန်ဆေးကုသိုလ် ဝင်ယူတာကြောင့် မမေဇင်ကျော်ကို အိမ်နီးနားချင်းနဲ့ အိမ်ပြန်ထည့်လိုက်တယ်လို့ သိရပါတယ်။
အိမ်နီးနားချင်းအိမ်မှာ အိပ်နေရင်းက နိုးလာတဲ့ မမေဇင်ကျော်က သူ့အိမ်ကို ပြန်ဖို့ လမ်းမပေါ်အထွက်မှာတင် ပျောက်ဆုံးခဲ့ရာက အခုတော့ သေဆုံး အခြေအနေလို့ သိရပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *