၂၈. ၂. ၂၀၂၄
Written by Nyein Kyaw

PDF များက ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ် အပါအဝင် ၃ ဦးအား ယနေ့တွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ဖမ်းဆီးခံဓားစာခံများကို အမြန်ဆုံးကယ်ဆယ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘုရားမဲကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

၎င်းအဖွဲ့သည် နည်းပညာတက္ကသိုလ်(ထားဝယ်) အတွင်းသို့ ဝင်ရောက်ကာ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင် အပါအဝင် ၃ ဦးအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ကျောင်း၏ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

PDF များအနေဖြင့် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ဆရာမများကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါ ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဆရာ/ဆရာမများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေ ကယ်ဆယ်‌ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ ဖြစ်စဥ်မှာ ချင်း PDF များ ဖမ်းဆီးသွားသည့် ကလေးတက္ကသိုလ်က ဖမ်းဆီးခံ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ ၁၄၀ ကျော်ကို မကယ်တင်နိုင်သေးခင်မှာပင် ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာ၊ ဆရာမများကို PDF များက ထပ်မံဖမ်းဆီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *