၂၈. ၂. ၂၀၂၄
Written by Thettant

မြတ်စွာဘုရားရှင်ရဲ့ ရွှေဉာဏ်တော်ကို ရည်စူးပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ရွှေစင်ရွှေပြားကပ်လှူဖို့အတွက် တိပိဋကယောဆရာတော်ကြီးက လာရောက်လှူဒါန်းထားတဲ့ ရွှေတစ်ပိဿာ၊ ရွှေစင်တစ်ပြားနဲ့ နိုင်ငံတော်က ကပ်လှူထားတဲ့ သီရိပျံချီ ဘွဲ့တံဆိပ်က ရွှေစင် ၆ ကျပ်သားကို မနေ့က ပြန်လည်လှူဒါန်းခဲ့တယ်လို့ တပည့်သံဃာတွေနဲ့ ကပ္ပိယဖြစ်သူတွေက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တိပိဋက ယောဆရာတော်ကြီးထံ ဒါယိကာ၊ ဒါယကာမတွေက မကြာခဏ ရွှေစင်ရွှေသားတွေ အလှူမခံဘဲကို လာလှူနေကြတာဖြစ်ပြီး ဒီလိုလာလှူနေတာကို ပြန်လှူခဲ့တာဖြစ်သလို ဖေဖော်ဝါရီ ၂၇ ရက်ဟာ ယောဆရာတော်ဘုရားကြီးရဲ့ မယ်တော်ကြီး အသက် ၁၀၂-နှစ်ပြည့်၊ ကွယ်လွန်ခြင်း ကိုးလပြည့် ရည်စူးအလှူအဖြစ် သံဃာတော်တွေ ဆွမ်း, သင်္ကန်းကပ်လှူပြီး ရွှေတစ်ပိဿာကျော်ကိုတော့ ရွှေတိဂုံစေတီတော်မြတ်ကြီး ကပ်လှူခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး ပြန်လည် လှူဒါန်းရာမှာ ရွှေတိဂုံစေတီတော်က နာယကဆရာတော် ၄-ပါးလည်း ရှင်းရှင်းလင်းလင်း သိစေဖို့ ပင်ဆောင်ရှင်းပြ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ရွှေတွေက ဟိုက လာလှူ၊ ဒီက လာလှူ၊ လာလာလှူနေကြတာ၊ ဘုန်းကြီးအိုကြီးက သူများလာလှူထားတဲ့ ရွှေတွေကို ဖြူလား, မဲလား တစ်ခါမှလည်း မကြည့်ပါဘူးဗျ။ ဘုန်းကြီးနှင့် ရွှေ ဘာမှလည်း မဆိုင်ပါဘူးဗျ”လို့ ယောဆရာတော်ကြီးက မိန့်တော်မူတယ်လို့လည်း အရှင်ပညာတိက္ခ(ယော)က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Photo – Win Thein

Leave a Reply

Your email address will not be published. Required fields are marked *