၂၈. ၂. ၂၀၂၄
Written by Nay Moe

ချင်း PDF တွေ ဖမ်းဆီးသွားတဲ့ ကလေးတက္ကသိုလ်က ဖမ်းဆီးခံ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူ ၁၄၀ ကျော်ကို မကယ်တင်နိုင်သေးခင်မှာပဲ ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာ၊ ဆရာမတွေကို PDF တွေက ထပ်မံဖမ်းဆီးမှုဖြစ်စဥ် ဒီနေ့ဖြစ်ပွားခဲ့တယ်လို့ MT News စုံစမ်းမှုကနဦးသတင်းတွေအရ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ နေ့လယ် ၁၂ နာရီခန့်ကဖြစ်ခဲ့တာဖြစ်ပြီး PDF ၇၀ နဲ့ ၁၀၀ ကြား အင်အားရှိတဲ့ အဖွဲ့ဟာ ထားဝယ်နည်းပညာတက္ကသိုလ်ထဲ လက်နက်အပြည့်အစုံနဲ့ဝင်လာပြီး ဘုရားမဲတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သလို တိုက်ခိုက်မှုအပြီးမှာ ကျောင်းအုပ်ကြီး ဒေါက်တာကျော်​​အောင်၊ အင်္ဂလိပ်စာဌာနမှူးဒေါ်စုစုလတ်နဲ့ မြို့ပြအင်ဂျင်နီယာဌာနမှူး ဒေါ်နန္ဒာလွင်တို့နဲ့ အခြားဆရာမတစ်ဦးကို ဖမ်းဆီးသွားပေမဲ့ ကျောင်းသားကျောင်းသူတွေကိုတော့ ဖမ်းဆီးမှုမရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေထံ အသေးစိတ်မေးမြန်းထားသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း ချင်း PDF အဖွဲ့ ၂၀ ကျော် စုပေါင်းပြီး ကလေးတက္ကသိုလ်ကို ဝင်ရောက်စီးနင်းကာ ဆရာ၊ ဆရာမနဲ့ ကျောင်းသားကျောင်းသူ ၅၀၀ ခန့်ကို ဖမ်းဆီးနေချိန်မှာ တပ်မတော်ကအချိန်မီလိုက်လံရှင်းလင်းတာကြောင့် အစောပိုင်းမှာ ဖမ်းဆီးမိသွားတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသားကျောင်းသူ ၁၄၀ ကျော်ကို ချင်းပူးပေါင်းတပ်တွေက ဖမ်းနိုင်ခဲ့တာဖြစ်ပြီး ဆုတ်ခွာပြေးချိန်မှာ ချင်း PDF ဘက်က ခြောက်ယောက်သေခဲ့ပါတယ်။

ကလေးမြို့ကို ချင်းအမျိုးသားတပ်ဦးအပါအဝင် ချင်း PDF တွေက ​ဖေဖော်ဝါရီ တတိယပတ်မှာ စတင်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက CNDF ဒုတိယစစ်ဦးစီးချုပ်လင်မယားအပါအဝင် ချင်း PDF လေးဦးလည်း သေဆုံးခဲ့မှု ဖြစ်ပွားထားလို့ အခုလို လက်နက်မဲ့ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး တပ်မတော်ကတော့ ၂၈၅ ဦးပဲ ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ချင်း PDF တွေဖမ်းသွားတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသားကျောင်းသူ ၁၄၀ ကျော်ကိုတော့ ဒီနေ့အထိ မကယ်တင်နိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ကယား PDF တွေက လွိုင်ကော်တက္ကသိုလ်ကို စီးနင်းကာ ပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူ ၃၀၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ခဲ့လို့ လွိုင်ကော်တက္ကသိုလ်ဟာ ဒီနေ့အထိ ပိတ်ထားရပြီး ကယားပြည်နယ်က ကျောင်းသားကျောင်းသူတွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးနေရပါတယ်။

ပုံစာ။ ထားဝယ်ပကဖမှ PDF များ မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *