၂၇. ၂. ၂၀၂၄
Written by Phyo Wei

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြိုနယ်၊ ကမ်းနားလမ်းမှာ လူ ၉၁ ဦးခန့်နဲ့ ကုမ္ပဏီရုံးခန်းဖွင့်လှစ်ကာ ချေးငွေလုပ်ငန်းလုပ် ပြည်သူ့ထံက ကုတ်သွေးစုပ်နေတဲ့ Mashala Tech Co.,Ltd ကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာမှာ တရားခံ ၁၃ ဦးဖမ်းမိပေမဲ့ ပိုင်ရှင်ဖြစ်တဲ့ တရုတ်နိုင်ငံသား Mr.Yu Linfeng (ခ) Willian ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကတည်းက ကမ္ဘောဒီးယားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေလို့ လွတ်မြောက်သွားခဲ့တဲ့ ဒီတစ်ပတ်မှာပဲ ပြည်ပကို အမှန်တကယ်ထွက်ခွာမဲ့သူတွေအတွက် အသေးသုံးနိုင်ငံခြားငွေ ငွေသားကို လေဆိပ်ကောင်တာအပြင် AD လိုင်စင်ရ ပြင်ပဘဏ်တွေမှာလည်း ဝယ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လာပါတယ်။

အခြားတစ်ဖက်မှာလည်း ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းဆန်တစ်အိတ် ၂၁၀၀၀၀ နီးပါးအထိမြင့်တက်လာပြီး နှစ်နှစ်တာကာလအတွင်း ရာခိုင်နှုန်း ၂၅၀ လောက် ဆန်စျေးတက်အပြီးမှာ ဆန်ကြမ်းစျေးကလည်း တစ်ပြည် ၅၀၀၀ ကျော်လာတာကြောင့် ပြည်သူ့ခက်ခဲကျပ်တည်းမှုတွေ အတောမသတ်နိုင်သေးတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် အဆုံးမသတ်နိုင်သေးတဲ့ ကျပ် ၂၀၀၀၀ တန် ကောလာဟလတွေအကြောင်း၊ အထည်ချုပ်ကဏ္ဍမှာ Brand အကြီးတွေထွက်ခွာသွားလို့ Brand အသေးတွေ အားပြုနေရတဲ့အကြောင်းတွေနဲ့ ထိုင်းနိုင်ငံက အိမ်ခြံမြေတွေကို ထိုင်းဘတ် ဘီလျံချီတဲ့အထိ မြန်မာတွေ ဝယ်ယူနေကြတယ်ဆိုတဲ့ အကြောင်းတွေကို တင်ပြချင်ပါတယ်။

အတောမသတ်နိုင်သေးတဲ့ ၂၀၀၀၀ တန် ကောလာဟလ

ကျပ် ၂၀၀၀၀ တန်ထုတ်မယ်ဆိုတာ အတည်ပြုတဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လကစပြီး ခုန်တက်သွားတဲ့ အိမ်ခြံမြေနဲ့ ကားစျေးတွေ ဒေါ်လာစျေးတွေ ပြန်မကျသေးခင်မှာဘဲ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူတွေကို ဒီလကုန်ကစပြီး အများပြည်သူသုံးနိုင်အောင် ဖြန့်ဝေမယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ရွှေစျေး၊ ဒေါ်လာစျေးနဲ့ အိမ်ခြံမြေ၊ ကားစျေးတွေ ပြန်တက်လာပြန်ပါတယ်။ လက်ရှိမှာ အရင်တုန်းကလိုမျိုး ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ ကုန်သွယ်ရာမှာ ဒေါ်လာအထူးပြုစရာမလိုတော့တဲ့အခြေအနေပေမဲ့ ဒေါ်လာစျေးတွေ မြင့်တက်နေတာကြောင့် ဗဟိုဘဏ်က တစ်လခွဲလောက်အတွင်း ဒေါ်လာ သန်း ၁၃၀ ကျော်၊ ထိုင်းဘတ် သန်း ၁၁၀၀၊ တရုတ်ယွမ်သန်းနဲ့ချီ ထုတ်ရောင်းနေပေမဲ့လည်း ဒေါ်လာစျေးမြင့်တက်မှုကို မထိန်းနိုင်သလို ကောလာဟလတွေနဲ့ ပတ်သက်ရင်လည်း သတင်းထွက်လာမှ လိုက်ဖြေရှင်းနေပြီး ဖြေရှင်းဖို့အစမှာတင် စျေးကစားသူတွေက အမြင့်ဆုံးအထိ ဆွဲတင်သွားတာလည်း မြင်နေရပြန်ပါတယ်။

ဒီဖြစ်ရပ်တွေရဲ့ အစဟာ ကျပ် ၂၀၀၀၀ တန် ထုတ်မယ်ဆိုတဲ့အချိန်မှာ အထိမ်းအမှတ်အဖြစ်ပဲ ထုတ်မယ်ဆိုတာကို အများပြည်သူနားလည်သိရှိအောင် မထုတ်ပြန်နိုင်ခဲ့တာ၊ ဒေါ်လာ စျေးကစား၊ ငွေကြေးစျေးကစားသူတွေကို အရေးယူမယ်ပြောပေမဲ့ ဘယ်လိုအရေးယူထားတယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ မထုတ်ပြန်တဲ့အခါ လူတွေက အရေးယူတာ တကယ်မရှိဘူးထင်ပြီး ကောလာဟလလွှင့် အမြတ်ထုတ်စျေးကစားလိုက်၊ တာဝန်ရှိသူတွေ သိလို့ အရေးယူဖို့ ပြင်ချိန်မှာ ကောလာဟလထုတ်သူတွေက ငွေထုပ်ပိုက်ပြီး ငြိမ်သွားလိုက်ဖြစ်နေတာမျိုး မြင်ရတာပါ။ ဒါ့အပြင် ဒေါ်လာကိုပဲ ဦးတည်တောင်းခံတဲ့ အင်တာနေရှင်နယ်စကူးလ်တွေ၊ တခြား ဟိုတယ်ခရီးသွားလုပ်ငန်းတွေကို စနစ်တကျထိန်းကွပ်နိုင်မှုမရှိလို့ပါပဲ။ စနစ်တကျထိန်းကွပ်မှုမရှိ၊ အရေးယူမှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိ မလုပ်၊ ငွေကြေးစျေးကစားသူတွေကို မကြပ်မတ်နိုင်သရွေ့တော့ မကြာခဏ ကောလာဟလနဲ့ ဆွဲတင်၊ ကောလာဟလထုတ်သူတွေက ငွေထုပ်ပိုက်သွားမှ အရေးယူမယ်ထုတ်ပြန်၊ အရေးယူမယ်ဆိုတဲ့အခြေအနေမှာ ကုန်စျေးနှုန်းတွေ၊ အိမ်ခြံမြေတွေ၊ ရွှေငွေကားစျေးတွေက မိုးပျံအောင် ထပ်တက်နဲ့ ဂျာအေးသူ့အမေရိုက်ဖြစ်နေဦးမှာပါပဲ။

Brand အသေးတွေနဲ့ ကျားကန်နေဆဲ အထည်ချုပ်

H&M ၊ Primark ၊ LidL ၊ Zara ၊ Inditex ၊ Mark & Spencer စတဲ့ ကမ္ဘာသိ အဝတ်အထည် Brand အကြီးတွေဟာ NUG နဲ့ NLD ထောက်ခံသူတွေဖိအားကြောင့် မြန်မာ့ CMP စျေးကွက်က ထွက်သွားခဲ့သလို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတဝှမ်းမှာ အထည်ချုပ်စက်ရုံပေါင်း ၂၉၈ ခု ရပ်နားသွားခဲ့ရတယ်ဆိုပေမဲ့လည်း ဒီလိုမျိုး နိုင်ငံရေးဖိအားတွေကနေပဲ Brand အသေးလေးတွေက မြန်မာ့အထည်ချုပ်စျေးကွက်မှာ ပြန်လည်ထောက်ကူဝင်လာလို့ ကျားကန်နိုင်ခဲ့ပါတယ်။

“Brand အကြီးကြီးတွေ ထွက်တာမှန်ပါတယ်။ Brand အကြီးကြီးတွေ ထွက်ရတာကလည်း Political Issue အပေါ် မူတည်ပြီး ထွက်ကြခြင်းဖြစ်ပါတယ်။ သို့သော် ဒီ Brand အကြီးကြီးတွေ ထွက်တဲ့အတွက်ကြောင့် ဘာဖြစ်ကျန်ခဲ့သလဲဆိုတဲ့ ပြောခွင့် အခွင့်အရေးကိုလည်း ရခဲ့ပါတယ်။ ဒါကြောင့်မို့ Brand တွေကို ကိုယ်ဘက်ကနေပြီး Indirectly မီဒီယာကို မခံဘဲနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက် အခြား Brand တွေ သိရှိတဲ့သူတွေနဲ့ မူတည်ပြီး မြန်မာဟာ ဘာနဲ့လုပ်နေလဲ။ Reality ဘာရှိနေလဲ၊ Brand တွေ ထွက်သွားတဲ့အတွက် ဘယ်လို Straggle လုပ်နေရသလဲဆိုတဲ့ အချက်တွေကို ကိုယ်မှာပြောခွင့်ရှိခဲ့တယ်။ ဒါကြောင့် Brand တွေ ထွက်သွားပေမဲ့ Brand အသေးလေးတွေရဲ့ စိတ်ဝင်စားမှုနဲ့ ကိုယ့်ဆီမှာ အလုပ်အပ်ဖို့ ရရှိခဲ့ပါတယ်” လို့ အထည်ချုပ်အသင်းဥက္ကဋ္ဌဦးမြင့်စိုးက ပြောပါတယ်။

ဟိုးအရင် နိုင်ငံရေးတည်ငြိမ်စဉ်က ဒေါ်လာ ၄ ဒသမ ၈ ဘီလျံဖိုးလောက် ပို့နိုင်ခဲ့တဲ့ အထည်ချုပ်ဟာ အခုလက်ရှိဘဏ္ဍာနှစ်မှာ ဒေါ်လာ ၄ ဘီလျံဖိုးနီးပါးပို့ထားတာပါ။ အချက်အလက်ကိန်းဂဏန်းတွေအရ သိသိသာသာကျဆင်းမှုမရှိပေမဲ့လည်း အထည်ချုပ်လုပ်ငန်းတွေ ရပ်သွားတာ၊ ဒီလိုအထည်ချုပ်တွေ ရပ်သွားလို့ အလုပ်သမသောင်းဂဏန်းအလုပ်လက်မဲ့ဖြစ်တာ၊ ဒီလိုမျိုးအလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက်တော့ နိုင်ငံရေးအရ ဖိအားပေးတဲ့ NUG နဲ့ NLD ထောက်ခံသူတွေမှာ ဘယ်လိုထောက်ကူမှုမှ မရှိဘဲ ဘယ်သူအလုပ်ပြုတ်လို့ငတ်ငတ်၊ ဘယ်သူအလုပ်ပြုတ်လို့ ဘ၀ပျက်ပျက်၊ အစိုးရဆိုတာကို သိက္ခာချနိုင်ဖို့ အဓိကဆိုတဲ့ ရပ်တည်ချက်ပဲ မြင်ခဲ့ရတာကလည်း မြှောက်ပေးတိုင်း ဆန္ဒထွက်ပြပြီး အဆင့်ရှိရှိမဖြေရှင်းတတ်တဲ့ မြန်မာ့အထည်ချုပ်လောကအတွက် သင်ယူရမဲ့အချက်တွေပါ။ တခြားသောနိုင်ငံတွေမှာ အထည်ချုပ်တွေ ဆန္ဒပြရင် ပထမအဆင့်မှာ လုပ်ငန်းမထိခိုက်စေဘဲ အလုပ်လုပ်ရင်း ညှိနှိုင်းဆန္ဒပြ၊ လုပ်ငန်းခွင်မထိခိုက်စေဘဲ ဆန္ဒပြလို့ မရရင် အလုပ်မဆင်းဘဲ ဆန္ဒပြ၊ အလုပ်မဆင်းဘဲ ဆန္ဒပြလို့ အဆင်မပြေမှ ပိတ်ဆို့ဆန္ဒပြတာမျိုး အဆင့်ဆင့်ဖြေရှင်းတတ်တဲ့အသိဉာဏ်မျိုး ရှိလာဖို့ကတော့ အချိန်တော်တော်ယူရဦးမဲ့ သဘောပါပဲ။

ထိုင်းမှာ ဘီလျံချီ အိမ်ဝယ်နေကြတဲ့ မြန်မာ

နိုင်ငံရေးအကျပ်အတည်းတွေကြောင့် နယ်မြို့တွေက ချမ်းသာကြွယ်၀သူတွေဟာ လုံခြုံအေးချမ်းရာ ရန်ကုန်၊ မန္တလေးလို နေရာတွေ ထွက်ပြေးအခြေချသလိုမျိုး မြို့ကြီးတွေက ငွေကြေးရှိသူတွေကလည်း မြန်မာများပြီး လူနေထိုင်မှု ဘေးကင်းလုံခြုံ ကုန်ကျစရိတ်သက်သာတဲ့ ထိုင်းနိုင်ငံလို နေရာဆီပြောင်းရွှေ့အခြေချဖို့ ကြိုးပမ်းလာတာကြောင့် ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဝယ်ယူမှုမှာ မြန်မာနိုင်ငံသားတွေရဲ့ ဝယ်ယူမှုက ရုရှား၊ တရုတ်နိုင်ငံသားတွေပြီးရင် တတိယအများဆုံးဖြစ်လာခဲ့ပါတယ်။

ဒီနေရာမှာ ပြည်တွင်းက သာမန်ပြည်သူတွေအပြင် NUG နဲ့ ဆက်နွှယ်ထောက်ပို့တွေကလည်း ထိုင်းနိုင်ငံမှာ အိမ်ကြီးအိမ်ကောင်းတွေ ငှားရမ်းဝယ်ယူနေထိုင်တာ အရမ်းများခဲ့သလို မြန်မာနိုင်ငံမှာ သိန်း ၄၀၀၀ လောက်သုံးတဲ့ငွေက အရှေ့ဒဂုံလို ရန်ကုန်မြို့လယ်နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ အစွန်အဖျားဇနပုဒ်မှာတောင် လမ်းမတန်းအိမ်ကျယ်မရချိန်မှာ ဒီပမာဏက ထိုင်းဘတ်နဲ့ဆို ဘန်ကောက်မြို့ပေါ်မှာ အဆင့်မြင့်ကွန်ဒို၊ မဲဆောက်၊ ချင်းမိုင်လိုနေရာမျိုးမှာ အဆင့်အတန်းရှိတဲ့ နေအိမ်ခြံဝင်းကျယ်ပါ အမည်ခံ ဝယ်ယူနိုင်တာကြောင့်လည်း မြန်မာတွေက ဘတ်ငွေ ငါးသန်း(တစ်ဘတ် ကျပ် ၁၀၀ ခန့်) ကနေ သန်း ၄၀ ကြားလောက်အထိ တန်ကြေးရှိတဲ့ နေစရာတွေ ထိုင်းမှာ ဝယ်ယူလာပြီး ဒီပမာဏဟာ ထိုင်းဘတ် ၂ ဒသမ ၂၅ ဘီလျံလောက်ရှိတယ်လို့လည်း ထိုင်းအစိုးရအိမ်ခြံမြေဘဏ်ရဲ့ အိမ်ခြံမြေသတင်းအချက်အလက် ဗဟိုဌာနက ရေးသားခဲ့ပါတယ်။ ပြည်တွင်းမှာ လူ့အဆင့်အတန်းမမှီတဲ့ ၁၀ ပေ၊ ပေ ၆၀ အိမ်က သာကေတလိုနေရာမျိုးမှာတောင် သိန်း ထောင်ဂဏန်းဖြစ်လာနေချိန်မှာ အစစအရာရာအေးချမ်းသာယာတဲ့ ထိုင်းကို ရွှေ့ပြောင်းကြတာ အပြစ်မဆိုချင်ပေမဲ့လည်း ဒီလိုမျိုး အဆမတန်ငွေဖောင်းပွ၊ ဘေးကင်းအေးချမ်းမှုမရှိတဲ့ဒဏ်ကို ရင်စည်းခံနေကြရတဲ့ ပြည်သူတွေအတွက်လည်း အေးချမ်းသာယာပြီး လူ့အဆင့်အတန်းမီမီ သိက္ခာရှိရှိထားပေးနိုင်မဲ့ အစိုးရမျိုးကို တစ်သက်တစ်ခါ မျှော်လင့်ကြမှာတော့ အမှန်ပဲလို့ တွေးဆမိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *