၂၇. ၂. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံအနေဖြင့် ခေတ်အလိုက် တိုးတက်မှုများရှိခဲ့သော်လည်း ခေတ်ပြိုင်နိုင်ငံများဖြစ်သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့၏နောက်တွင် တဖြည်းဖြည်းကျန်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်း သား အရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားရာတွင် ပြောကြားခဲ့သည်။

နိုင်ငံရေးပိုင်းနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံသည် အချုပ်အခြာ အာဏာပိုင် တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက်နယ်နိမိတ်နှင့် ခိုင်မာသည့် သမိုင်းကြောင်းရှိသည့်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ခေတ်အလိုက် တိုးတက်မှုများရှိခဲ့သော်လည်း ခေတ်ပြိုင်နိုင်ငံများဖြစ်သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့၏ နောက်တွင် တဖြည်းဖြည်းကျန်ခဲ့သည်ကို တွေ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက် အချက်ပညာရပ်နှင့် စက်မှုပညာရပ်တို့တွင် အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မှုမရှိဘဲ နောက်တွင်ကျန်နေခဲ့ကြောင်း၊ ယင်းအချက်အလက်များကို အခြေခံ၍ သင်ခန်းစာ ဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် တက်ရောက်ရန်အတွက် သင်တန်းသားများ ရွေးချယ်ရာတွင် ယခင်က တပ်မတော်အရာရှိကြီးများကိုသာ ရွေးချယ်ခဲ့သော်လည်း ယခုအချိန်တွင် အရပ်ဘက် နိုင်ငံ့ဝန်ထမ်းအရာရှိကြီးများကိုလည်း တက်ရောက်စေခဲ့ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စသည့်အမြင် ၄ မြင်ဖြင့် ပြည့်စုံစွာထည့်သွင်းစဉ်းစား တွက်ချက်ဆောင်ရွက်နိုင်ခြင်း မရှိပါက နိုင်ငံတော်အတွက် လိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအကြီးအကဲများသည် တာဝန်ထမ်းဆောင်ရာတွင် အထက်ပါအမြင် ၄ မြင်ဖြင့် စဉ်းစားဆောင်ရွက်တတ်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *