ရှိုးပွဲအတွက် တေလာဆွစ် စင်ကာပူကို ဒီနေ့ရောက်ရှိလာ

၂၇. ၂. ၂၀၂၄
Written by Pan Ei

စင်ကာပူနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပြေစာတွေမှာ ဒေါ်လာသန်း ရာနဲ့ချီ ထည့်ဝင်ပေးနိုင်မဲ့ တေလာဆွစ်ရဲ့ စင်ကာပူရှိုးပွဲက စတင်တော့မှာကြောင့် စင်ကာပူကို ဒေသတွင်းနိုင်ငံတွေက သူမရဲ့ပရိသတ်တွေဟာ စင်ကာပူကိုလာရောက်လျက်ရှိနေကြပြီး ဟိုတယ်ခန်းတွေရော လေယာဉ်လက်မှတ်တွေပါ ကြိုတင်မှာယူမှုတွေနဲ့ ပြည့်နေကာ ဝယ်ယူရ ခက်ခဲနေတယ်လို့ စင်ကာပူအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ရဲ့ ကမ္ဘာ့လှည့် ဖျော်ဖြေရေးခရီးစဉ် The Eras Tous ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စင်ကာပူနိုင်ငံမှာ ဖျော်ဖြေသွားမဲ့ပွဲဟာ အရှေ့တောင်အာရှမှာ ကျင်းပသွားမဲ့ တစ်ခုတည်းသော ဖျော်ဖြေပွဲဖြစ်တာကြောင့် အိမ်နီးနားချင်းနိုင်ငံတွေက သူမရဲ့ပရိသတ်တွေက ဖျော်ဖြေပွဲလက်မှတ်တွေ ရရှိဖို့ ကြိုးစားပြင်ဆင်ခဲ့ကြတာပါ။

မတ်လ ၂၊ ၃၊ ၄ နဲ့ ၇၊ ၈၊ ၉ ရက်တွေမှာ အမျိုးသားအားကစားရုံမှာဖျော်ဖြေသွားမဲ့ တေလာဆွစ်က ဒီနေ့မှာ ဒေသစံတော်ချိန် ၅ နာရီ ၅ မိနစ်က ကိုယ်ပိုင်လေယာဉ်နဲ့ စင်ကာပူကို ရောက်ရှိလာခဲ့ပြီး သူမ လေယာဉ်ကို လေယာဉ်ရေဒါကနေ ကြည့်ရှုနေခဲ့ကြသူတွေက ၆၀၀၀ ကျော်လောက် ရှိနေခဲ့ပါတယ်။

တေလာဆွစ်ရဲ့ The Eras Tour ရှိုးပွဲကို မြို့ပြနဲ့ အိမ်နီးချင်းနိုင်ငံတွေက ပရိသတ် ၃၀၀,၀၀၀ ကျော် တက်ရောက်မယ်လို့ ခန့်မှန်းထားပြီး နိုင်ငံရဲ့ အထင်ကရ လေကြောင်းလိုင်း Singapore Airlines နဲ့ Budget Airline Scoot တို့က မတ်လမှာ အရှေ့တောင်အာရှနိုင်ငံတွေကနေ စင်ကာပူကို ပျံသန်းမှုတွေ ခုန်တက်သွားခဲ့ကြောင်း စီအန်ဘီစီ ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Jetstar Asia ကလည်း ဘန်ကောက်၊ မနီလာ၊ ဂျကာတာနဲ့ စင်ကာပူကို ဆက်သွယ်ထားတဲ့ ခရီးစဉ်တွေအတွက် ဝယ်လိုအားက အကြမ်းဖျင်းအနေနဲ့ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲတွေဟာ စင်ကာပူခရီးသွားလုပ်ငန်း ပြေစာတွေမှာ စင်ကာပူဒေါ်လာ သန်း ၃၅၀ ကနေ သန်း ၅၀၀ ခန့် (အမေရိကန်ဒေါ်လာ ၂၆၀ ဒသမ ၃ သန်း ကနေ ၃၇၁ ဒသမ ၉ သန်း) အထိ ဖြည့်တင်းနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပြီး ဖျော်ဖြေပွဲလာရောက်သူတွေရဲ့၇၀ ရာခိုင်နှုန်းခန့်က နိုင်ငံခြားက လာတဲ့သူတွေ ဖြစ်နိုင်တယ်လို့လည်း Maybank ရဲ့ မက်ခရိုသုတေသန ဒါရိုက်တာ Erica Tay က ယူဆပြောကြားခဲ့ပါတယ်။

တေလာဆွစ်ရဲ့ကမ္ဘာလှည့် Eras Tour ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ စင်ကာပူနိုင်ငံတို့ကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သက်ဗီဆင်က စင်ကာပူဟာ တေလာဆွစ်ကို တခြားအာဆီယံနိုင်ငံတွေမှာ မဖျော်ဖြေဖို့ သီးသန့်သဘောတူညီချက်တစ်ခု ရရှိထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကာ အဲ့ဒီ သဘောတူညီချက်မှာ တေလာဆွစ် က စင်္ကာပူနိုင်ငံမှာပဲ သီးသန့်ဖျော်ဖြေပွဲခြောက်ခု ဖျော်ဖြေဖို့နဲ့ တခြားအာဆီယံနိုင်ငံတွေမှာ မဖျော်ဖြေဖို့ ပါဝင်ပြီး အဲ့ဒီဖျော်ဖြေပွဲအတွက် စင်ကာပူအစိုးရက ဒေါ်လာ ၂ သန်းကနေ ၃ သန်းကြား ကမ်းလှမ်းခဲ့တယ်လို့လည်း ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Ref; CNBC, The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *