၂၃. ၂. ၂၀၂၄
Written by Pan Ei

ဘာစီလိုနာနဲ့ ဘရာဇီးလ် ဝါရင့်ဘောလုံးသမားဟောင်း ဒန်နီ အဲလ်ဗက်စ်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ဘာစီလိုနာက နိုက်ကလပ်တစ်ခုမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ခဲ့တာကြောင့် စပိန်တရားရုံးက သူ့ကို ထောင်ဒဏ် လေးနှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

ကျူးလွန်ခံရတဲ့ မိန်းကလေးဟာ ဒန်နီ အဲလ်ဗက်စ်နဲ့ လိင်ဆက်ဆံဖို့သဘောမတူကြောင်း အခိုင်အမာပြောကြားခဲ့ကာ တရားရုံးကိုတင်ပြခဲ့တဲ့သက်သေအထောက်အထားတွေအရလည်း တရားရုံးက ဒန်နီ အဲလ်ဗက်စ်မှာ ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ပြီး အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲလ်ဗက်စ်ကို တရားရုံးက လေးနှစ်ခွဲ ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပြင် ဥပဒေအရ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ နောက်ထပ်ငါးနှစ်နေထိုင်ရမှာဖြစ်ပြီး ကျူးလွန်ခံရသူနဲ့လည်း ကိုးနှစ်နဲ့ ခြောက်လအထိ အဆက်အသွယ်မပြုဖို့ တားမြစ်မိန့်ပါ, ပါရှိပါတယ်။

စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ တရားရုံးဟာ အဲလ်ဗက်စ်ရဲ့ ထောင်ဒဏ်သက်တမ်းအပေါ် ဆုံးဖြတ်လိုက်တဲ့အခါ တရားခွင်ရဲ့ရလဒ်က ဘယ်လိုပင်ဖြစ်စေ ကျူးလွန်ခံရသူကို နစ်နာကြေး ယူရို ၁၅၀,၀၀၀ (ပေါင် ၁၂၈,၅၀၀) ပေးဆောင်ဖို့ပါ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် အဲလ်ဗက်စ်ရဲ့ရှေ့နေတွေက အဲလ်ဗက်စ် ဟာ အရက်မူးနေခဲ့တာကြောင့် ပိုမိုသက်ညှာတဲ့ ထောင်ဒဏ်ကို ချမှတ်သင့်တယ်လို့ တရားရုံးကို လျှောက်ထားခဲ့ပေမဲ့ တရားရုံးက လက်မခံခဲ့ဘဲ အရက်သောက်တာက သူ့အပြုအမူကို မထိခိုက်စေဘူးလို့ တရားရုံးက ငြင်းဆိုခဲ့တာပါ။

ကတ်တလင်တန် တန်းတူညီမျှရေးဝန်ကြီး Tània Verge ကလည်း အဲလ်ဗက်စ် ကိစ္စကို “မှတ်တိုင်တစ်ခု” အဖြစ် ဖော်ပြခဲ့ပြီး “တရားခွင်တွေဟာ ကျူးလွန်ခံရသူတွေအတွက် အပြည့်အဝ အကာအကွယ်ပေးနိုင်ပြီး ပြစ်မှုကျူးလွန်သူတွေကလည်း ဘယ်လောက်ချမ်းသာ၊ ကျော်ကြားပြီး တန်ခိုးကြီးမားသူဖြစ်နေပါစေ၊ ကျူးလွန်ခံရသူတွေကို သိက္ခာချဖို့ ကြိုးပမ်းမှုတွေလည်း ဘယ်လိုပဲရှိနေပါစေ အပြစ်ပေးခံရမှုနဲ့ ပြီးဆုံးသွားတယ်ဆိုတာ သက်သေပြနေပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

ဆီဗီလာ၊ ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့အပါအဝင် ကလပ်အသင်းများစွာနဲ့ ဆုဖလားများစွာကို ဆွတ်ခူးခဲ့ပြီး ကမ္ဘာ့ဖလားသုံးကြိမ်အပါအဝင် ဘရာဇီးလ်အသင်းအတွက် ၁၂၆ ကြိမ် ကစားပေးခဲ့တဲ့ ဝါရင့် နောက်ခံဘောလုံးသမားဟောင်း အဲလ်ဗက်စ် ဟာ အောင်မြင်ကျော်ကြားတဲ့ ဘောလုံးသမားဘဝကို ပိုင်ဆိုင်ခဲ့သလိုပဲ အခုအခါမှာတော့ သူကျူးလွန်ခဲ့တဲ့ အမှားအတွက် လေးနှစ်ခွဲကြာ ထောင်နန်းစံရတော့မှာဖြစ်ပါတယ်။

နောက်ခံဘောလုံးသမား အဲလ်ဗက်စ် ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ဘာစီလိုနာအသင်းအတွက်ကစားခဲ့ပြီး ၂၀၂၂ ခုနှစ်က အသင်းကို ခေတ္တပြန်လည်ရောက်ရှိခဲ့ကာ သူအဖမ်းခံရချိန်မှာတော့ မက္ကဆီကိုကလပ် ပူမက်စ်မှာ ရှိနေခဲ့ပြီး သူ အဖမ်းခံခဲ့ရပြီး ချက်ချင်းပဲ စာချုပ်ဖျက်သိမ်းခံခဲ့ရပါတယ်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *