၂၃. ၂. ၂၀၂၃
Written by Ye Kyaw

ဆန်ချောဈေးများ မြင့်တက်ပြီးနောက် ဆန်ကြမ်းဈေးနှုန်းများပါ လိုက်ပါမြင့်တက်ခဲ့ပြီး ယခင်က တစ်ပြည် ကျပ် ၄၀၀၀ မကျော်သည့် ဆန်ကြမ်းများ လက်ရှိတွင် တစ်ပြည် ကျပ် ၅၀၀၀ ကျော်သို့ မြင့်တက်လာခဲ့ကြောင်း ဆန်လက်လီအရောင်းအဝယ် ဈေးကွက်မှ သိရသည်။

ဈေးနှုန်းထပ်မံမြင့်တက်မှုမရှိအောင် ဆောင်ရွက်နေသည်ဆိုသော ပြည်တွင်း အဓိကစားသုံးသည့် ဆန်ချောအမျိုးအစား ရွှေဘိုပေါ်ဆန်းဆန်များသည်ပင်လျှင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဈေးနှုန်းများ ထပ်မံမြင့်တက်ခဲ့၍ တစ်အိတ်လျှင် ကျပ် ၂၁၀,၀၀၀ (တစ်ပြည်လျှင် ကျပ် ၈၆၀၀ ဝန်းကျင်) အထိ မြင့်တက်ခဲ့ပြီးဖြစ်သည်။

ပြည်ပသို့ တင်ပို့ခြင်းမရှိဘဲ ပြည်တွင်း၌ အဓိကစားသုံးသည့် ပေါ်ဆန်းဆန်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ တစ်အိတ် ကျပ် ၆၀,၀၀၀ ကျော်သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၂၁၀,၀၀၀ နီးပါးအထိ မြင့်တက်ခဲ့၍ နှစ်နှစ်အတွင်း ရာခိုင်နှုန်း ၂၅၀ ခန့် မြင့်တက်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် ပြည်တွင်း၌ ဆန်ချောဈေး မြင့်တက်မှုကြောင့် ဈေးသက်သာသည့် ဆန်ကြမ်းကို ပြောင်းလဲစားသုံးသူ ပိုမိုများပြားလာသလို ဝယ်လိုအားများလာသဖြင့် လက်ရှိတွင် ဆန်ကြမ်းဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာခဲ့ပြီး ယခင်က တစ်ပြည်လျှင် ကျပ် ၄၀၀၀ မကျော်သည့် ဆန်ကြမ်းအမျိုးအစားများ ကျပ် ၅၀၀၀ ကျော်သို့ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“အရင်က ဆန်ကြမ်းက ပုံမှန်စားလို့ရတဲ့ဟာပေါ့ ၃၇၀၀ လောက်ပဲ ၄၀၀၀ ကျော်ကျော်လေးဆို တော်တော် စားလို့ကောင်းနေပြီ။ အခုကတော့ ၅၀၀၀ ကျော်မှာပဲ။ အခုဆို အကြမ်းထဲမှာ လူကြိုက်များတဲ့ မဂျမ်းတောဆန် (ဧရာပဒေသာ)ဆို လိုသလောက်ဝယ်လို့တောင် မရတော့ဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ် ဘုရားလမ်းလမ်းရှိ ဆန်လက်လီအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

ဆန်ဈေးနှုန်းတည်ငြိမ်စေရန်နှင့် အခြေခံပြည်သူများ၊ ဝန်ထမ်းများ သက်သာစွာ ဆန်ဝယ်ယူရရှိစေရန် ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ် ၁၈ ခုအတွင်းရှိ ဆန်လက်လီအရောင်းဆိုင်များမှတစ်ဆင့် ဧည့်မထဆန် တစ်ပြည် ကျပ် ၃၃၀၀ ဖြင့် တစ်ဦးလျှင် ဆန် (၂) ပြည်နှုန်းအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်၍ ရောင်းချပေးနေခြင်းဖြစ်သည်။

စတင်ရောင်းချပေးခဲ့ချိန်တွင် ရောင်းချပေးမှုကို ကြိုတင်မကြေညာခဲ့၍ သိရှိသူနည်းခြင်း၊ ဆန်ချောရွှေဘိုမပါခြင်းတို့ကြောင့် ဝယ်ယူမှုမရှိသလောက် နည်းပါးခဲ့သော်လည်း လက်ရှိအချိန်တွင်မှု ယခင်ကဲ့သို့ တန်းစီဝယ်ယူသည့် အခြေအနေမဟုတ်သော်လည်း ပုံမှန်လာရောက်ဝယ်ယူသူများလာကြောင်း သင်္ဃန်းကျွန်းမြို့နယ်တွင် ဧည့်မဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသည့်ဆန်ဆိုင်မှ သိရသည်။

ပြည်တွင်းဆန်ကြမ်းဈေးနှုန်းများမှာ ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ကြားပျံရှယ်ဆန် တစ်အိတ်လျှင် ကျပ် ၁၁၅,၀၀၀ ထုတ်ပြန်ထားသော်လည်း လက်လီဈေးကွက်တွင် တစ်အိတ်လျှင် ၁၆၀,၀၀၀ နီးပါး (တစ်ပြည် ကျပ် ၆၆၀၀ ကျော်)အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဆန်ကြမ်းအမျိုးများအနက် လူကြိုက်များသည့် ဧရာပဒေသာ(မဂျမ်းတော) တစ်အိတ်လျှင် ကျပ် ၁၄၆,၀၀၀ ကျော် (တစ်ပြည် ကျပ် ၆၀၀၀ ကျော်)အထိ ဖြစ်ပေါ်နေသလို ရက် (၉၀) ဆန်ကြမ်းအမျိုးစားသည်ပင်လျှင် တစ်အိတ်လျှင် ကျပ် ၁၂၂,၀၀၀ ကျော်(တစ်ပြည် ကျပ် ၅၀၀၀ ကျော်) ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဝါးတန်းဆန်ကုန်စည်ဒိုင်၏ ထုတ်ပြန်ချက်အရ ကုန်စည်ဒိုင်ဈေး လက်ကားဈေးနှုန်း ဧည့်မဆန် တစ်အိတ်လျှင် ကျပ် ၇၇,၀၀၀ (တစ်ပြည် ကျပ် ၃၃၀၀ ဝန်းကျင်)ရှိပြီး ဆန်စပါးအသင်းချုပ်မှဦးဆောင်၍ ဧည့်မထဆန်များကို လက်ကားဈေးနှုန်း တစ်ပြည်ကို တစ်အိတ်လျှင် ကျပ် ၃၃၀၀ ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

ပုံစာ- ဆန်ကြမ်းဈေးကြီးမြင့်နေချိန် ဧည့်မထဆန်များကို သက်သာသောဈေးဖြင့် ရောင်းချပေးနေမှုကို တွေ့ရစဉ်။ Photo- MT News & MRF

Leave a Reply

Your email address will not be published. Required fields are marked *