MT News Editorial

“လူတိုင်းလောက်နီးပါးသည် ခက်ခဲသည့်အခြေအနေကို ခံနိုင်ရည်ရှိကြသည်။ သို့သော် လူတစ်ယောက်၏ အကျင့်စာရိတ္တကို စမ်းသပ်လိုပါက ထိုလူကို လုပ်ပိုင်ခွင့်အာဏာ ပေးလိုက်ပါ။”(Nearly all men can stand adversity, but if you want to test a man’s character, give him power.) ဟု အမေရိကန်နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတ အေဗရာဟမ်လင်ကွန်းက ဆိုမိန့်ခဲ့ဖူးသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍစုံတွင်လည်း ရိုးဖြောင့်သည်ဟု နာမည်ရသူများအား လုပ်ပိုင်ခွင့်အာဏာပေးအပ်လိုက်သောအခါ အကျင့်စာရိတ္တပျက်ပြားကာ အာဏာအလွဲသုံးစားမှုများကို အမြဲတစေ မြင်တွေ့ခဲ့ရသည်ချည်းဖြစ်သည်။

သာမန်အချိန်များတွင်ပင် ထိုသို့ လုပ်ပိုင်ခွင့်အာဏာအလွဲသုံးစားလုပ်ကြရာ လက်ရှိကာလကဲ့သို့သော သူတစ်လူငါတစ်မင်း အနေအထားဖြင့် လက်နက်ကိုင်အဖွဲ့ ၆၀၀ ခန့် ထွက်ပေါ်လာပြီး အမည်အသီးသီးဖြင့် လှုပ်ရှားကြသည့် အဖွဲ့အစည်းများစွာ ပေါ်ထွက်လာချိန်တွင် ထိုသို့သော လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုသူများကို ပိုမိုမြင်တွေ့လာရပေသည်။

သာမန်ရပ်ကျေးအုပ်ချုပ်ရေးမှုးတစ်ဦး၊ သာမန်ဦးစီးမှုးတစ်ဦး၊ သာမန်အရာရှိတစ်ဦးသည်ပင် လုပ်ပိုင်ခွင့်အာဏာရလာသောအခါ ဖောက်လွဲဖောက်ပြန်လုပ်တတ်သည့် စရိုက်အပြည့်ရှိသော နိုင်ငံတွင် နိုင်ငံရေးအခက်အခဲကြောင့် လက်နက်ကိုင်၍ ထင်ရာစိုင်းခွင့်ရလာသောအခါ အာဏာကို အလွဲသုံးစားလုပ်မှုများစွာ တွေ့မြင်လာရပေသည်။

ဒီဇင်ဘာလ၃ရက်နေ့တွင် စိတ်မကောင်းစရာမြင်ကွင်းမှာ တမူးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဆိုသည့် ကျောင်းဆရာမအမျိုးသမီးတစ်ဦးကို လက်နက်ကိုင်သူ ၁၀ ဦးခန့်က ဒလန်ဟု ဝန်ခံခိုင်းကာ ဝိုင်းဝန်းရိုက်နှက် ပစ်ခတ်သတ်ဖြတ်လိုက်သည့် မြင်ကွင်းဖြစ်သည်။ သတင်းများအရ တမူး PDF တပ်ရင်း-၄ မှ သတ်ဖြတ်လိုက်သည့် အမျိုးသမီးငယ်သည် ဒလန်မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအဆင်မပြေမှုအရ ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟုလည်း သိရသည်။

လက်နက်မဲ့ပြည်သူ သာမန်အမျိုးသမီးတစ်ဦးအား PDF များက အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်သည့် မြင်ကွင်းမှာ တမူးမြို့လယ်တွင် ဖြစ်ခဲ့သည်ဟုလည်း သိရပြီး ထိုသို့သော လုပ်ရပ်မျိုးမှာ NUG က ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာကို တလွဲအသုံးချခြင်းဟုလည်း ဆိုရမည်ဖြစ်ပေသည်။

ဓမ္မအတွက်ဆိုကာ လက်နက်ကိုင်ခဲ့သူများသည် ရလာသော လက်နက်နှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုကာ အဓမ္မလမ်းကြောင်းပေါ်တွင် လူသတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ သတ်ဖြတ်ထားသူတို့၏ ပစ္စည်းများကို သိမ်းယူသည်ဟု ကြေညာကာ ပေါ်တင် လူသတ်၊ ဓားပြတိုက်သည့်အသွင် လုပ်ဆောင်လာနေသည့်ပုံစံဖြစ်နေသည်ကိုလည်း မကြာခဏတွေ့မြင်နေရသည့်အတွက် ထိုသို့သော လက်နက်အားကိုး၍ လုပ်ကိုင်သည့် လုပ်ပိုင်ခွင့်အာဏာအလွဲသုံးစားမှုများကို NUG ၏ ကဏ္ဍအလိုက်တာဝန်ရှိသူများမှ ကြပ်မတ်အရေးယူသင့်ပါကြောင်းလည်း MT News သတင်းဌာနက တိုက်တွန်းလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *