နေပြည်တော်ရှိ နိုင်ငံသားပိုင် ဆန်စက်တစ်လုံးကို တွေ့ရစဥ်

၂. ၁၂. ၂၀၂၂
Written By A Thaung

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်တင်ပို့ရောင်းချနေသည့် ကုမ္ပဏီလေးခုအား ကုန်သွယ်မှုဖြင့်ရရှိလာသည့် ပြည်ပဝင်ငွေစီးဆင်းမှုအပေါ် သီးခြားကင်းလွတ်ခွင့်မပြုတော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက MT News သို့ ပြောကြားသည်။

အဆိုပါကန့်သတ်ချက်အား နိုဝင်ဘာလမှစတင်ကာ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး FDI ကုမ္ပဏီများအနေဖြင့် ကုန်သွယ်မှုမှရရှိလာသည့် နိုင်ငံခြားငွေများအားလုံးကို နိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းပေါက်ဈေးဖြင့် ကုန်သွယ်စီးဆင်းမှုငွေကြေးအဖြစ် ပြည်တွင်းတွင်သုံးစွဲရမည်ဖြစ်သည်။

“လုံးဝမလွတ်ပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး FDI လေးခုစလုံး ၆၅ အချိုး ၃၅ သတ်မှတ်ထားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါသတ်မှတ်ချက်မတိုင်မီက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြင့် ပြည်ပသို့ ဆန်တင်ပို့ရောင်းချနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများမှာ ပြည်ပကုန်သွယ်မှုဝင်ငွေ ပြည်တွင်းသို့ပြန်လည်စီးဆင်းရာတွင် ပြင်ပပေါက်ဈေးဖြင့်အရောင်းအဝယ်ပြုလုပ်နေရသည့်အတွက် ကန်တစ်ဒေါ်လာလျှင် ကျပ် ၈၀၀ မှ ၁၅၀၀ အကြား အမြတ်အစွန်းရနေသည်။

နိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဝင်ငွေစီးဆင်းမှုအပေါ် ရည်ညွှန်းဈေးနှုန်းဖြင့် ပြည်တွင်းသို့ဝင်ရောက်လာရန် ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုအမိန့်ထုတ်ပြန်ပြီးနောက် သြဂုတ်လ ၁၅ ရက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီများအား ပြည်ပကုန်သွယ်မှုနှင့် ပြည်ပဝင်ငွေများမှ ဝင်ငွေစီးဆင်းမှုအပေါ် နိုင်ငံတော်ဗဟိုဘဏ်ရည်ညွှန်းဈေးဖြင့် ၆၅ ရာခိုင်နှုန်း စီးဆင်းရမည်ဖြစ်ပြီး ၃၅ ရာခိုင်နှုန်းအား ပြင်ပပေါက်ဈေးဖြင့် ပြည်တွင်းသို့ စီးဆင်းရန် အထူးအခွင့်အရေးပေးခဲ့သည်။

အဆိုပါအမိန့်နှစ်ရပ်ထုတ်ပြန်ချိန်က ဗဟိုဘဏ်ရည်ညွှန်းဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၉၀၀ သာရှိခဲ့ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ ဝန်းကျင်ရှိခဲ့သည်။

နိုင်ငံသားပိုင်ကုမ္ပဏီများအနေဖြင့် ပြည်ပကုန်သွယ်မှုမှရရှိလာသော နိုင်ငံခြားငွေများအား နိုင်ငံတော်ဗဟိုဘဏ်ပေါက်ဈေးအတိုင်း ပြည်တွင်းသို့စီးဆင်းရသဖြင့် FDI ကုမ္ပဏီများထက် တစ်ဒေါ်လာလျှင် ကျပ် ၈၀၀ မှ ၁၅၀၀ အကြားနစ်နာနေရပြီး ပြည်တွင်းမှာ စပါးဝယ်ယူရာတွင် နိုင်ငံခြားငွေစီးဆင်းမှုအချိုးအရ အရှုံးပြနေသဖြင့် FDI ကုမ္ပဏီများက ပြည်တွင်းစပါးဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်သွားကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း၊ အမှုဆောင်တစ်ဦးက MT News သို့ သုံးသပ်ပြောဆိုသည်။

“အဲ့ဒီတုန်းကတော့ သူတို့ပေးတဲ့ဈေးကို မပေးနိုင်ဘူး။ သူတို့က အပြင်ဈေးနဲ့ ၆၅ ရာခိုင်နှုန်းအားသာနေတာ။ ဘယ်လိုလုပ်လုပ် သူတို့မြတ်နေတာ။ အလိုလိုနေရင်းကို မြတ်နေတော့ ဈေးပိုပေးတယ်။ ဈေးကွက်ကိုဖျက်ခဲ့တာ” ဟု ၎င်းကပြောသည်။

FDI ကုမ္ပဏီများအပေါ် နိုင်ငံခြားကုန်သွယ်မှုစီးဆင်းငွေကြေး အပြည့်အဝခွင့်ပြုခဲ့သဖြင့် ပြည်တွင်းစပါးဈေးကွက် မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ပြီး နယ်မြေအလိုက် စပါးဈေးကစားမှုများဖြစ်ပေါ်ခဲ့ကာ ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *