၆. ၂. ၂၀၂၄
Written by Phyo Wei

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို မြန်မာနိုင်ငံက ခေါင်းဆောင်ဖြေရှင်းမှုနဲ့ အဖြေရှာဖို့အတွက် အာဆီယံက ထောက်ခံလာသလို မြန်မာနိုင်ငံကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို နိုင်ငံရေးရာထူးမဟုတ်တဲ့ ကိုယ်စားလှယ် ပြန်လည်စေလွှတ်လာတဲ့ ဒီရက်သတ္တပတ်မှာဆိုရင် နိုင်ငံရေးပါတီတွေ အတွက်ခက်ခဲနေတဲ့ ပါတီဝင်အင်အား ၁ သိန်းကို ထက်ဝက်လျှော့ချပေးတာ၊ ရုံးခန်းဖွင့်ရမဲ့အရေအတွက်ကိုပါ ပြင်ဆင်လျှော့ချလိုက်တာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း အွန်လိုင်းလိမ်လည်မှုဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန်အပါအဝင် ကျားဖြန့်ဂိုဏ်းတွေရဲ့ အဓိကခေါင်းဆောင် ၆ ဦးကို တရုတ်ထံ လွှဲပြောင်းပေးလိုက်တာ၊ အခြေခံပညာသင်ကျောင်းတွေမှာ ကျောင်းသား ၈ ဒသမ ၁ သန်းကျော် အပ်နှံထားပေမဲ့လည်း အကြမ်းဖက်တိုက်ခိုက်သူတွေကြောင့် ကျောင်းတက်ရောက်နိုင်သူ ၆ ဒသမ ၇ သန်းကျော်သာရှိပြီး ၁ ဒသမ ၃ သန်းကျော် ပျက်ကွက်နေသလို ရခိုင်ပြည်နယ်မှာလည်း ကျောင်းအပ်နှံထားသူ ၅၇၃,၀၀၀ ဦးရှိပေမဲ့ AA ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကြောင့် ကျောင်းမတက်နိုင်ဘဲ ပျက်ကွက်နေရသူ ၄၉ ရာခိုင်နှုန်းခန့်ရှိနေတဲ့အပြင် ကျောင်းသားတွေကိုပါ AA က လက်နက်ကိုင်ဖို့စုဆောင်းနေတာ၊ အကြမ်းဖက်တိုက်ခိုက်တဲ့နည်းတွေနဲ့ ဆောင်ရွက်မှုမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းခဲ့မယ်ဆို အရေးပေါ်ကာလပြဋ္ဌာန်းချက် အခုလို ကြာမြင့်ခဲ့မှာမဟုတ်ဘူးလို့ ၆ လ သက်တမ်းထပ်တိုးတဲ့ ဒီတစ်ပတ်မှာ ပြောခဲ့တဲ့ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ NUG နဲ့ တော်လှန်ရေးအဖွဲအစည်းတွေပဲ တစ်သက်တာ အာဏာရယူထိန်းချုပ်နိုင်မဲ့ ဘုံသဘောတူညီချက်ကြေညာလာတာ၊ PDF ကို လေ့ကျင့်ထောက်ပံ့ပေးနေတဲ့ KNU က အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်နေတာကို အထောက်အထားတွေ့ရှိထားလို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းနှိမ်နင်းမယ်လို့ တပ်ချုပ် ပြောကြားလာတာနဲ့ သုံးနှစ်အတွင်း သတ်ဖြတ်ခံရတဲ့ပြည်သူက ၆၈၈၀ အထိ ဖြစ်လာပြီဆိုတာတွေကို သုံးသပ်တင်ပြချင်ပါတယ်။

◾ တစ်သက်တာ အာဏာဆက်ယူချင်တဲ့ NUG

နိုင်ငံ့အာဏာကို တပ်မတော်ရယူထိန်းသိမ်းတဲ့ကာလ သုံးနှစ်ပြည့်မြောက်မှုနဲ့ပတ်သက်ပြီး NUG နဲ့ တော်လှန်ရေးအဖွဲ့တွေက ဘုံသဘောထားရပ်တည်ချက်ကို ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့နဲ့ အခြားတိုင်းရင်းသားတွေ မပါဘဲ K3C လို့ခေါ်တဲ့ KIO၊ KNU၊ KNPP နဲ့ CNF တို့ပဲ ပါဝင်တယ်လို့ ဒီမနက်မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံလာပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းစုံရှိပြီး စစ်အင်အားကောင်းတဲ့ UWSA အပါအဝင် ဗမာ၊ ရှမ်း၊ မွန်၊ မြောက်ပိုင်းလက်နက်ကိုင်တွေဖြစ်တဲ့ တအာင်း TNLA၊ ကိုးကန့် MNDAA၊ ရခိုင် AA စတဲ့ လက်နက်ကိုင်တွေအပြင် ဗမာလူမျိုးကိုယ်စားပြု လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ဆယ်ရာချီရှိပေမဲ့ NUG ကတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း လေးဖွဲ့နဲ့ပဲ ဘုံသဘောတူညီချက် ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

NUG နဲ့ K3C တို့ ဘုံသဘောတူညီမှု ထုတ်ပြန်ချက်မှာ မျှော်မှန်းချက်တစ်ရပ်၊ ဦးတည်ချက် ခြောက်ချက်၊ ရပ်တည်ချက် ကိုးချက်နဲ့ လုပ်ငန်းစဥ်အဆင့်ဆင့် ခြောက်ချက် ဖော်ပြထားတာ တွေ့ရပြီး ဦးတည်ချက် ၆ ချက်မှာ တပ်ကနိုင်ငံရေးက ထွက်ဖို့၊ လက်နက်ကိုင်တပ်အားလုံး အရပ်သားအစိုးရအောက်ထားဖို့၊ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေဖျက်သိမ်းဖို့နဲ့လက်ခံသူတွေတိုက်ခိုက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီအခြေခံ ဥပဒေရေးဆွဲပြဌာန်းဖို့၊ ဖက်ဒရယ်ခြေဥအသစ်နဲ့ပြည်ထောင်စုအသစ်တည်ဆောက်ဖို၊ ပဋိပက္ခကာလအတွင်း မတရားခံရသူတွေ တရားမျှတမှုရရှိဖို့နဲ့ အသွင်ကူးပြောင်းကာလ တရားမျှတဖို့ဆိုတာကို ရေးဆွဲထားပြီး ဒီခြောက်ချက်ကို တပ်မတော်က လက်ခံရင် လုပ်ငန်းစဥ်အဆင့်ဆင့်မှာ “(ခ) မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း။” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

တပ်နဲ့ညှိလို့ ဒီလိုမျိုး လက်ခံပြီဆိုရင် နိုင်ငံရေးအစုအဖွဲ့တွေအားလုံးပေါင်းပြီး ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နဲ့ အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရတွေ ဖွဲစည်းပြီး အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲစည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းမယ်။ ဒီလိုရေးဆွဲပြဌာန်းပြီးမှ NUG ဦးဆောင်သူတွေပဲ အာဏာဆက်လက်ထိန်းချုပ်မဲ့ အချက်အဖြစ်”တော်လှန်ရေးအလွန်တွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်း ခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်ဒီမိုကရေစီ ဖွဲစည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကိုဖွဲ့စည်းခြင်း။” ဆိုတာကို ဖော်ပြထားတာ တွေ့ရတာကြောင့် ဒီဘုံသဘောတူညီချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လုံး၀ထည့်သွင်းမစဉ်းစားထားဘဲ NUG နဲ့ လက်နက်ကိုင်တွေကပဲ ထာ၀ရ အာဏာဆုပ်ကိုင်ထားဖို့ ရည်မှန်းထားတာလို့ ဝေဖန်ခံရတာဖြစ်သလို NUG ဟာ ဖက်ဒရယ်တပ်မတော်ကို ဦးဆောင်နိုင်စွမ်းမရှိ၊ သူတို့ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တွေဆီ ပြည်မက လူငယ်တွေဝင်လာဖို့ ရုပ်ပြအဖြစ်ပဲ တိုင်းရင်းသားလက်နက်ကိုင်တွေက အသုံးချဖို့ပဲ တွေးထားတယ်ဆိုတာက ပေါ်လွင်စေခဲ့ပါတယ်။

◾ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းနှိမ်နင်းခံရမဲ့ KNU

KNU အဖွဲ့အနေနဲ့ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကို အကြောင်းပြပြီး PDF တွေ စစ်သင်တန်းပေးမှုအပြင် ဒေသအတွင်းအကြမ်းဖက်လုပ်ရပ်တွေကို နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေသလို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးမှာ Online လိမ်လည်မှုတွေ၊ Online လောင်းကစားမှုတွေ၊ လူမှောင်ခိုမှုတွေအထိ လုပ်ဆောင်နေတာကို အထောက်အထားတွေနဲ့ တွေ့ရှိရတာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်း ဖမ်းဆီးနှိမ်နင်းတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပြီး တရားဥပဒေ စိုးမိုးမှုရှိအောင် ဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောအပြီးမှာပဲ ထိုင်းနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံမှာ မြှုပ်နှံမှုတွေ လုပ်ဆောင်နေတဲ့ Grand Andaman လုပ်ငန်းရှင် Sanga Kangval (ခ) ဦးကျော်လွင်ဆိုသူအပါအဝင် လုပ်ငန်းရှင် ၁၈ ဦးကို ထိုင်းက ၀ရမ်းထုတ်ခဲ့ပြီး ၇ ဦးဖမ်းမိထားတာလည်း တွေ့ရပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာဆိုရင် KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားတွေပါဝင်ပတ်သက်နေတယ်ဆိုတဲ့ KK Park ၊ BGF ထိန်းချုပ်မှုအောက်က ရွှေကုက္ကိုလ်၊ DKBA ထိန်းချုပ်နယ်မြေအောက်က ရွှေမြစန္ဒီ ဒီလိုစီမံကိန်းတွေက ကျားဖြန့်တွေရှိနေတယ်လို့ သတင်းတွေ ထွက်ခဲ့တာကြောင့် ဒီလိုမျိုး လက်နက်ကိုင်တပ် အခိုင်အမာ၊ တရုတ်နယ်စပ်လည်း မဟုတ်တဲ့နေရာကို ဘယ်လိုမျိုးနှိမ်နင်းမလဲဆိုတာနဲ့ ရှမ်းမြောက်လို နှိမ်နင်းနိုင်ပါ့မလားဆိုတာကလည်း စိတ်ဝင်တစားစောင့်ကြည့်ချင်စရာပါ။

◾ ၆၈၈၀ အထိ မြင့်တက်လာတဲ့ သုံးနှစ်အတွင်း သတ်ဖြတ်ခံရပြည်သူ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ သုံးနှစ်အတွင်းမှာ PDF တွေ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ ရဟန်း/ သံဃာ ၇၇ ပါး၊ သီလရှင် ၂ ပါးပျံလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅,၆၇၇ ဦးနဲ့ နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦး စုစုပေါင်း ၆,၈၈၀ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲဒီ သုံးနှစ်အတွင်း ဆက်သွယ်ရေး/လျှပ်စစ် တာဝါတိုင် ၅၅၉ ခု အပါအဝင် ကျန်းမာရေးအဆောက်အဦ ၅၃ လုံး၊ ဘာသာရေးအဆောက်အဦ ၆၆ လုံး၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၁၄၈၇ ခု၊ စာသင်ကျောင်း/ ပညာရေး အဆောက်အဦ ၆၇၀ လုံးအပါအဝင် လူနေအိမ်တွေ၊ အခြားအဆောက်အဦတွေ များစွာကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေးထမ်းတွေအပေါ် ရိုင်းစိုင်းစွာ ခြိမ်းခြောက်မှု ‌၄၁၃ ကြိမ် လုပ်ဆောင်ခဲ့သလို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်မှာလည်း KNPP အဖွဲနဲ့ PDF တွေက လွိုင်ကော်တက္ကသိုလ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို ဝင်ရောက်သတ်ဖြတ်တဲ့အပြင် အတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာတွေလည်း လုပ်ခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် AAPP စွပ်စွဲချက်အရ SAC ကြောင့် သေဆုံးရသူကလည်း ၄၄၇၄ ဦးရှိနေပြီဖြစ်သလို NUG သမ္မတဒူဝါလရှီးလကလည်း တပ်မတော်နဲ့ ဆက်စပ်သူ ၃၀၀၀၀ ကျော်ကို သတ်ဖြတ်ထားတယ်လို့ ၂၀၂၂ နှစ်ကုန်က Reuter Next အစီအစဥ်မှာ ပြောဆိုထားလို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် သေဆုံးရတဲ့ ပြည်သူကလည်း ၅၀၀၀၀ လောက်ရှိနေတဲ့ သဘောဖြစ်လာပါတယ်။

ဒါဟာ ဒီသုံးနှစ်အတွင်းမှာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လူသားအရင်းအမြစ်တွေဖြစ်ပြီး တိုက်ပွဲတွေကို ဆက်လက်ကြိုဆိုနေသရွေ့လည်း မြို့ပျက်၊ ရွာပျက်၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်ပျက်စီးတာတွေ ဆက်ဖြစ်မှာဖြစ်ပြီး ဒီလိုမျိုး ဆက်ဖြစ်လည်း ဘယ်သူကမှ တာဝန်ယူဝမ်းနည်းမှာမဟုတ်တဲ့ အကျိုးမဲ့ဖြစ်စဉ်ကို လက်မခံဘူးလို့ တုံ့ပြန်ဖော်ပြချိန်တန်ပါပြီလို့ပဲ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *