၆. ၂ .၂၀၂၄
Written by Hey Mar

လူနှစ်ဦးစီးနင်းလာတဲ့ ဆိုင်ကယ်က တံတားကွေ့မှာ ရှေ့ကားကို ကျော်တက်ရာ၊ တစ်ဖက်ယာဥ်ကြောကလာတဲ့ ကုန်တင်ကားကြီးနဲ့ အပြင်းအထန်တိုက်မိပြီး အမျိုးသားတစ်ဦးနေရာတင်သေဆုံးခဲ့တဲ့ ဖြစ်စဥ် ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းက မွန်ပြည်နယ် သံဖြူဇရပ် -ရေး လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က သံဖြူဇရပ်-ရေးလမ်းမကြီး နှင်းစုံတံတားအကွေ့မှာ နေ့လယ် ၂ နာရီ ၄၅ မိနစ် ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသားနဲ့ အသက် ၂၅ နှစ် ဝန်းကျင် အမျိုသမီးတို့နှစ်ဦး စီးနင်းလာတဲ့ ဆိုင်ကယ်တစ်စီး Hijet ကားကို ကျော်တက်ရာမှာ တစ်ဖက်ယာဥ်လမ်းကြောက ကုန်တင်ကားကြီးရဲ့ ဘယ်ဘက်ခြမ်းကို မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းသူအမျိုးသား အခင်းဖြစ်ရာနေရာမှာတင်သေဆုံးခဲ့တာလို့ ရေးမြို့ အခြေစိုက်ရွှေဟင်္သာလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

အဆိုပါ အသင်းမှတာဝန်ရှိသူက “ကျွန်တော်တို့က ရုပ်အလောင်းကောက်ပြီး ဖြစ်စဥ်နေရာ ရှင်းလင်းပေးခဲ့ရတာပါ။ ဆိုင်ကယ်ပေါ်က နှစ်ဦးမှာ အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်ပေမယ့် အသက်ရှိနေသေးလို့ သူတို့နယ်မြေခံ အသင်းဖြစ်တဲ့ ဆေးတောင်မြေ လူမှုကူညီရေးအသင်းက ရေးပြည်သူ့ဆေးရုံကို အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်လိုက်ပါတယ်။ သေဆုံးသူက အနီးအနား ရွာကပါပဲ။ တူဝရီးတော်စပ်တယ်လို့တော့ အကြမ်းဖျင်းသိရပါတယ်” လို့ MT News ကို ပြောပ်တယ်။

စိုးရိမ်ရဒဏ်ရာတွေရရှိထားတဲ့ အမျိူးသမီးကို ဆေးတောင်မြေ လူမှုကယ်ဆယ်ရေးအသင်းက ရေးမြို့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို ရွှေဟင်္သာလူမှုကူညီရေးအသင်းက လမိုင်းဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *