ရုံးဆင်းချိန်များတွင် YBS အား ခက်ခဲစွာစီးနေရသော ပြည်သူများကို တွေ့ရစဥ်

MT News

Written by Myo Khine

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) လက်အောက်ရှိ YBS ယာဉ်များပေါ် အကြမ်းဖက်လုယက်မှု မကြာခဏ ဖြစ်ပွားနေ၍ ယာဉ်များတွင် ရဲတပ်ဖွဲ့နှင့် တိုက်ရိုက်ချိတ်ဆက်သတင်းပေးပို့သည့်စနစ် စတင်နေပြီဖြစ်ကြောင်း သိရသည်။

“အခုဆိုရင် ယာဉ်ပေါ်မှာ ထူးခြားဖြစ်စဉ်တွေ ဖြစ်ရင် ယာဉ်မောင်းကနေ ခလုပ်နှိပ်ပြီး စကားပြောလို့ရတဲ့ Pattern ကို နှိပ်လို့ရတာ တပ်ထားတယ်။ စကားပြောပြီး သတင်းပေးလည်းရတယ်။ မပြောနိုင်တဲ့ အနေအထားမျိုးဆိုရင် ခလုပ်ကို သုံးကြိမ်နှိပ်လို့ရလည်းရတယ်။ ဒါတွေကိုလည်း လေ့ကျင့်ထားပြီးပြီ။ အဲဒီလို လုပ်တာနဲ့ ကွန်ထရိုးစင်တာမှာ သိရတယ်။ GPS တပ်ထားတာကြောင့် အဲဒီလို သိရတာနဲ့ 199 ကို အကြောင်းကြားတဲ့စနစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေတယ်။ အခု စတင်နေပြီ။ Telematics တပ်ထားတဲ့ ယာဉ်အားလုံးပေါ်မှာ အဲဒီလို လုပ်လို့ရတယ်။ တပ်ထားတာက YBS ၃၅၀၀ လောက်မှာတပ်ပြီးပြီ။ ကျန်တဲ့ကားတွေပေါ်မှာလည်း တပ်မယ်”ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က MT News သို့ ပြောသည်။

YBS(22) ယာဉ်ပေါ်သို့ ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ရွာမကွေ့မှတ်တိုင်တွင် လူ (၆) ဦး တက်လာပြီး ခရီးသည် (၁) ဦးထံမှ ငွေကျပ် ၆ သိန်း ၈ သောင်းတန် Huawei ဖုန်းကိုခြိမ်းခြောက်လုယူခြင်း၊ နိုဝင်ဘာ ၅ ရက်က အဆိုပါယာဉ်လိုင်း၏ ယာဉ်တစ်စီးပေါ်သို့ ဗဟိုလမ်း၊ သံလမ်းမှတ်တိုင်မှ လူ (၆) ဦး တက်လာပြီး ယာဉ်ပေါ်တွင် ဓားပြခြိမ်းခြောက်ကာ ခရီးသည်များထံမှ လက်ကိုင်ဖုန်းများ၊ ပိုက်ဆံအိတ်များ လုယူခြင်း၊ ယင်းနေ့တွင်ပင် အဆိုပါယာဉ်လိုင်း၏ယာဉ်တစ်စီးပေါ်သို့ ရွာမကွေ့ မှတ်တိုင်မှ လူ(၆)ဦး ယာဉ်ပေါ်သို့တက်လာပြီး ဓားများ၊ သံတုတ်များ ကိုင်ဆောင်ခြိမ်းခြောက်ကာ လက်ကိုင်ဖုန်းများ လုယူခြင်း၊ နိုဝင်ဘာ ၆ ရက်ကလည်း YBS(61) ယာဉ်လိုင်းမှ ယာဉ်တစ်စီးပေါ်သို့ သမိုင်းဘူတာရုံလမ်းမပေါ် သမိုင်းဈေးဘူတာမှတ်တိုင်တွင် အမျိုးသား (၇) ဦး ယာဉ်ပေါ်သို့ တက်ရောက်လာခဲ့ပြီး ဘုရင့်နောင်လမ်းဆုံမီးပွိုင့်အရောက် ယာဉ်ပေါ်တွင်ပါရှိသည့် ခရီးသည်များအား ဓားဖြင့်ထောက်၍ ဖုန်းများအားလုယူခြင်း၊နိုဝင်ဘာ ၇ ရက်က YBS (22) ယာဉ်လိုင်း ယာဉ်တစ်စီးပေါ်သို့ လှိုင်သာယာ (၁) ထိပ်မှတ်တိုင်မှ လူ (၃) ယောက်တက်လာပြီး ဓားများပြကာ လက်ကိုင်ဖုန်းများ လုယူခြင်း၊ နိုဝင်ဘာ ၈ ရက်က YBS (61) ယာဉ်လိုင်းမှ ယာဉ်တစ်စီးပေါ်သို့ အမျိုးသား (၈) ဦး ယာဉ်ပေါ်သို့တက်ရောက်လာကာ သမိုင်းသံလမ်း ဂုံးတံတားအတက်နေရာ အရောက်တွင် ယာဉ်ပေါ်ပါခရီးသည်များကို ဓားထောက်ပြီး ပါရှိပစ္စည်းများ လုယက်ရင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်းများ ရှိခဲ့ကြောင်း YRTC ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းစနစ်အပြင် YBS ယာဉ်လိုင်းခရီးသည်တင်ယာဉ်များပေါ်တွင် CCTV လုံးဝမတပ်ဆင်ရသေးသော ယာဉ်များတွင် CCTV တပ်ဆင်ရန်နှင့် CCTV ပျက်နေသည့်ယာဉ်များကိုလည်း ပြန်လည်ပြုပြင်ရန် လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ယာဉ်လိုင်းကုမ္ပဏီ ၂၀ ရှိသည့်အနက် ကုမ္ပဏီ ၁၅ ခုရှိ ယာဉ်များတွင် CCTV တပ်ဆင်ထားပြီး ဖြစ်ကာ ကုမ္ပဏီ ၅ ခုမှာ လုံး၀ မတပ်ဆင်ရသေးပေ။

“လှိုင်သာယာဘက်ကို ပြေးဆွဲတဲ့ ယာဉ်တွေပေါ်မှာ အဖြစ်များတယ်၊ ကားပေါ်မှာ လုယက်ယူနေတဲ့အခါ အနီးက ကားပေါ်ပါတဲ့လူတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်တာတွေ၊ ခရီးသည်တွေ ဒဏ်ရာရတာတွေ ရှိတယ်။ ဒါကြောင့် CCTV ကို အမြန်တပ်ဖို့လုပ်ရတာပါ။ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အသွင်ယူပြီးတော့ စောင့်နေတာတွေလည်း လုပ်နေပါပြီ။ အခု ကားစီးရေက စုစုပေါင်း ၅၇၇၃ စီး ရှိတယ်။ အဲဒီထဲမှာ CCTV တပ်ထားတဲ့ ကားစီးရေက ၃၅၉၈ စီးရှိတယ်။ အဲဒီထဲမှာ CCTV လုံးဝအကောင်းအတိုင်းရှိတဲ့ ကားစီးရေက ၁၈၀၀ ကျော် ရှိတယ်။ မကောင်းတာလည်းရှိတယ်။ CCTV တပ်ဖို့ကျန်တဲ့ကားက ၂၁၇၄ စီးရှိတယ်။ CCTV မကောင်းတဲ့ ယာဉ်တွေမှာ ကောင်းအောင် ပြန်လုပ်ဖို့ လုံးဝမတပ်ရသေးရင်လည်း တပ်ဖို့ညွှန်ကြားထားတယ်”ဟု ယင်းကဆိုသည်။

CCTV လုံး၀ မတပ်ရသေးသော ကုမ္ပဏီ ၅ ခုက CCTV တပ်ဆင်ရန် ငွေကြေးအခက်အခဲ ရှိနေသောကြောင့် YRTC အနေဖြင့် ငွေကြေးစိုက်ထုတ်ကူညီပေးရန် ပြောဆိုလာသည့်အတွက် စီစဉ်ပေးနေကြောင်းနှင့် ယာဉ်အားလုံးတွင် နောက်ထပ် ၆ လ အတွင်း CCTV အပြီး တပ်ရမည် ဖြစ်ကြောင်း ဦးလျန်ကျင့်မန်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *