၁. ၂. ၂၀၂၄
အယ်ဒီတာ့အာဘော်

ကမ္ဘာက အာဏာသိမ်းသည်ဟု စွပ်စွဲပြီး SAC အစိုးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာထိန်းသိမ်း သည်ဟုဆိုသည့် ဖြစ်ရပ်သည် ယနေ့တွင် သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ထိုသို့ အာဏာနိုင်ငံရေးပဋိပက္ခကာလ သုံးနှစ်တာကို ပြန်လည်ငဲ့စောင်းကြည့်မည်ဆိုပါက ပညာရေးကဏ္ဍတွင် ကလေးသူငယ် ၂ သန်းကျော်၊ ၃ သန်း ကျောင်းမတက်နိုင်တော့သလို လူငယ်များ၏ အနာဂတ်သည်လည်း လက်နက်ကိုင်လမ်းစဥ်များကြောင့် ဘဝပေါင်းများစွာဆုံးခန်းတိုင်နေရပြီး လက်ရှိပညာသင်နှစ်တွင်လည်း ကျောင်းသူကျောင်းသားပေါင်း ၈ ဒသမ ၂ သန်းကျော် ကျောင်းအပ်ထားသော်လည်း တိုက်ပွဲများကြောင့် ၁ ဒသမ ၃၆ သန်းကျော် ကျောင်းတက်ရန် ပျက်ကွက်နေသည်ကို တွေ့ရပေသည်။

ပြည်သူများ၏ လူမှုဘဝတွင်လည်း နှစ်ဖက်တိုက်ပွဲများကြား မြို့ပေါင်း ၃၀ အထက် ပျက်စီးမှု၊ ကျေးရွာထောင်ချီမီးရှို့ခံရမှုကြောင့် အိမ်ပေါင်း ၈၀၀၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရသလို လူပေါင်း ၂ ဒသမ ၆ သန်းကျော်မှာလည်း အိုးအိမ် နေရပ်စွန့်ခွာနေရသကဲ့သို့ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သော လူ ၁၈ သန်းကျော်သည်လည်း စားရေရိက္ခာအပါအဝင် အကူအညီများစွာလိုအပ်နေကာ အတိဒုက္ခရောက်နေကြရပြီဖြစ်သည်။

အလားတူ အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ဆက်သွယ်ရေး/လျှပ်စစ် တာဝါတိုင် ၅၅၉ ခု၊ ကျန်းမာရေးအဆောက်အဦ ၅၃ လုံး၊ ဘာသာရေးအဆောက်အဦ ၆၆ လုံး၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၁၄၈၇ ခု၊ စာသင်ကျောင်း/ ပညာရေး အဆောက်အဦ ၆၇၀ လုံး ဖျက်ဆီးခံထားရရာ အဆိုပါဖျက်ဆီးခံရမှုများမှာ တစ်ချိန်တွင် ပြည်သူ့ဘဏ္ဍာမှသာ တည်ဆောက်ကြမည်ဖြစ်ရာ ပြည်သူများအနေဖြင့် မိအေးနှစ်ခါနာ ဖြစ်ရသည့်အပြင် အချို့လမ်းတံတားများမှာ ပြန်တည်ဆောက်မည်ဆိုပါက နှစ်ချီကြာမြင့်သည်ဖြစ်ရာ ဆက်သွယ်ရေးပြတ်တောက်မှုကြောင့်ဖြစ်ပေါ်လာသည့် ဘက်စုံကျပ်တည်းမှုများကိုလည်း ပြည်သူများသာ ဆိုးရွားစွာ ခံစားနေရပြီဖြစ်သည်။

အဆိုးရွားဆုံးအဖြစ်လည်း NUG ၊ PDF နှင့် EAOs များ၏ သတ်ဖြတ်မှုကြောင့် သုံးနှစ်အတွင်း လူပေါင်း ၆၈၈၀ သေဆုံးထားသကဲ့သို့ AAPP ၏ စွပ်စွဲချက်အရ SAC ကြောင့် သေဆုံးရသူမှာလည်း ၄၄၇၄ ဦးရှိနေပြီဖြစ်သလို NUG သမ္မတဒူဝါလရှီးလကလည်း တပ်မတော်နှင့်ဆက်စပ်သူ ၃၀၀၀၀ ကျော်ကို သတ်ဖြတ်ထားသည်ဟု ၂၀၂၂ နှစ်ကုန်က Reuter Next အစီအစဥ်တွင် ပြောဆိုထားရာ နှစ်ဖက်တိုက်ပွဲများကြောင့် ပြည်သူ ၅၀၀၀၀ ခန့် သေဆုံးရသည့် အခြေအနေလည်းဖြစ်နေရပြီဖြစ်သည်။

ထို့အတူ တစ်ချိန်က သာမန်လူတန်းစားများပင်စီးနိုင်ခဲ့သည့် မော်တော်ယာဥ်များမှာ ယခင်စစ်အစိုးရလက်ထက်ကဲ့သို့ လူတန်းစားတစ်ရပ်သာစီးနိုင်သည့်အခြေအနေဖြစ်လာသလို အိမ်ခြံမြေစျေးမှာလည်း ကျပ်သိန်း ၅၀၀ သုံးလျှင်ပင် လူ့အဆင့်အတန်းမှီသည့်နေရာမရသည့်အထိ ဆိုးရွားစွာခုန်တက်လာနေသည်။ အလားတူပင် ရွှေစျေး၊ ဒေါ်လာစျေးများလည်းနှစ်ဆကျော်သုံးဆခုန်တက်ကာ ပေါ်ဆန်းမွှေးတစ်အိတ် ကျပ် ၂ သိန်းနားဖြစ်လာသည့်အထိ ဆိုးရွားလှသော ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် မြန်မာကျပ်ငွေအဆိုးရွားဆုံးတန်ဖိုးကျဆင်းမှု ဖြစ်ပေါ်နေရပြီဖြစ်သည်။

ထိုအခြေအနေများသည် သုံးနှစ်တာကာလအတွင်း ဆိုးရွားစွာပျက်စီးသွားသည့် မြန်မာနိုင်ငံ၏ သရုပ်သကန် အခြေအနေမှန်ဖြစ်ပြီး ထိုအခြေအနေဆိုးများကို အဆုံးသတ်ရန်မှာလည်း အများကထောက်ခံနေသည့် အကြမ်းဖက်မှုများ ရပ်တန့်မှသာ ပြီးဆုံးသွားမည်ဖြစ်သည်။ ထို့အတူ လက်နက်ကိုင်လမ်းစဥ်သည်လည်း မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ ပိုင်နက်နယ်မြေကြီးစိုးမှု၊ အင်အားကြီးသော KIA နှင့် KNU စသည့်အဖွဲ့အစည်းများက သိမ်းယူထားသော မြို့ရွာများကို စစ်ဘုရင်ကဲ့သို့ပင်ပြုမူလာနေသည်ကိုလည်း တွေ့မြင်နေရပြီဖြစ်သလို NUG သည်လည်း ပျိုးထောင် ထောက်ပံ့သည့် အမေရိကန်ကိုယ်တိုင်က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်မှုစတင်ကာ ထောက်ပံ့ရန် ဥပဒေပြုထားလျက်နှင့်ပင် ငွေကြေးထောက်ပံ့မှုမရှိတော့သည်ကို တွေ့မြင်နေရပြီဖြစ်သည်။

လက်ရှိစစ်ရေးအခြေအနေများအရ မည်သည့်ဘက်ကမှ အပြီးသတ်အသာရနိုင်မည့် အခြေအနေမရှိ၍ လက်နက်ကိုင်တိုက်ခိုက်မှုများကိုသာ ဆက်လက်ထောက်ခံနေမည်ဆိုပါက မြန်မာပြည်တွင် ဒေသအနှံ့အပြား စစ်ပွဲများစွာမှာ နှစ်ပေါင်းများစွာရှည်ကြာအောင် ဆက်လက်တိုက်ခိုက်မှုဖြစ်ပွားကာ ပြည်သူနှင့် နိုင်ငံသာ ပိုမိုဆိုးရွားစွာအထိနာနိုင်မည့်အခြေအနေဖြစ်နေသဖြင့် သက်ဆိုင်သူများအားလုံး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်း၊ ရွေးကောက်ပွဲမဖြစ်မနေကျင်းပပေးခြင်းဖြင့် ဆိုးရွားလှသော လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်ကာ နိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး ကြိုးပမ်းပေးသင့်ပြီဖြစ်ပါကြောင်း MT News သတင်းဌာနက တိုက်တွန်းအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *