၁. ၁၂.၂၀၂၂
Written by Thi Ha

ဒီဇင်ဘာလ ၄ ရက်မှစ၍ တောင်တရုတ်ပင်လယ်ပြင်နှင့် ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်ပင်လယ်ပြင်များတွင် မုန်တိုင်းဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိရှိနေပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ပုံမှန်ရွာသွန်းမြဲထက် မိုးပိုမိုရွာသွန်းနိုင်ခြေ ၆၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ စောင့်ကြည့်ခန့်မှန်းလေ့လာသူ ဦးဝင်းနိုင်က ပြောသည်။

ဒီဇင်ဘာလ ၇ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်အထိ ၂ ပတ်တာ ကာလအတွင်းနှင့် ဒီဇင်ဘာလ ၁၄ ရက်မှ ဒီဇင်ဘာလ ၂၀ ရက်အထိ ရက်သတ္တပတ် ၃ ပတ်တာ ကာလအတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၏ မိုးရွာသွန်းနိုင်ချေမှာ ပုံမှန်ထက် ၅၀ ရာခိုင်နှုန်း အထိရှိနေပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသများတွင် ပုံမှန်ရွာသွန်းမြဲအခြေအနေအတိုင်းရှိမည်ဟု သိရသည်။

“ပုံမှန်ဆိုရင်တော့ ဆောင်းရာသီထဲရောက်လာပြီး အအေးဓာတ်လွှမ်းခြုံလာပြီဖြစ်တဲ့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေအတွက် ဒီဇင်ဘာလအတွင်း မိုးပုံမှန်ရွာသွန်းနိုင်ခြေက မရှိသလောက်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ECMWF နဲ့ GFS Model တွေရဲ့ ကြိုတင်ခန့်မှန်းချက်အရ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ထိုင်းပင်လယ်ကွေ့တောင်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာနိုင်ပြီး ထိုင်း-မလေးရှားနယ်စပ်ကိုဖြတ်ကျော်ကာ ဒီဇင်ဘာလ ၄ ရက်နေ့ကျရင် ကပ္ပလီပင်လယ်တောင်ပိုင်းနဲ့ ဒီဇင်ဘာလ ၆ ရက် ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို ရောက်လာမယ်၊ အနောက်ဘက်(အိန္ဒိယကမ်းခြေတောင်ပိုင်း)ကို ဆက်လက်ဦးတည်ရွေ့လျားပြီး မုန်တိုင်းတစ်လုံးအဆင့်ကို ရောက်နိုင်မယ်လို့ ခန့်မှန်းချက်ရှိတာတွေ့ရပါတယ်။ အိန္ဒိယမိုးလေဝသဌာန IMD ကလည်း ဒီဇင်ဘာလ ၄ ရက်နေ့ဝန်းကျင်ကျရင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေပွေလှိုင်းတစ်ခုဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်” ဟု ဦးဝင်းနိုင် မှ MT News သို့ ပြောသည်။

ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဒီဇင်ဘာ၂၀ ရက်နေ့အထိ မိုးရွာသွန်းနိုင်မည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်မူ မိုးရွာသွန်းနိုင်မည့်အခြေအနေက မရှိသလောက်နည်းပါးကြောင်း သုံးသပ်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *