၁.၁၂.၂၀၀၂
Written by Nay Aung

ထိုင်းနိုင်ငံ တာ့ချ်ခရိုင်ရှိ Mueang ဒေသတွင် နိုဝင်ဘာ ၂၉ ရက်ညက ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး၊ ထိုင်း ကားသမားတစ်ဦးသေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းများ၏ဖော်ပြချက်အရသိရသည်။

အဆိုပါကားသည် ထိုင်းနိုင်ငံ တက်ခရိုင် မဲဆောက်ဒေသမှ ဆောင်ခလာဒေသ ဟတ်ရိုင်သို့ သွားရောက်ချိန်အတွင်း လမ်းတွင် ယာဥ်မတော်တဆမှုဖြစ်ကာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး အခြားမြန်မာရွှေ့ပြောင်းအလုပ်သမား ၄၄ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကားပေါ်တွင် မဲဆောက်ဒေသရှိ စက်ရုံတွင်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများ လိုက်ပါစီးနင်းခဲ့ကြောင်း၊ ထိုင်းရဲမှူးကြီး Likhitpong Srinarang,ကပြောဆိုထားသည်။

ကားမောင်းသမားသည် မဲဆောက်ဒေသမှ ဆောင်ခလာဒေသသို့ သွားရောက်သည့် တောင်ကြားကား လမ်းကြောင်းကို ကျွမ်းကျင်မှု မရှိဘဲ လမ်းတွင်ဘရိတ် မကြာခဏအုပ်ရကြောင်း၊ ကားကိုအရှိန်ဖြင့် မောင်းနေချိန်တွင် ကားဘရိတ်နင်းခဲ့ရာ ကားဘရိတ်ပေါက်သွားခဲ့ပြီး ကားအရှိန်ကို ထိန်းနိုင်ခြင်းမရှိတော့ဘဲ ကားလမ်းလယ်ကျွန်းရှိ အတားဆီးများကို ၀င်တိုက်ခဲ့ကာ ကားလမ်းဘေးရှိ တောင်စောင်းထဲသို့ ကျဆင်းသွားခဲ့ကြောင်း အသက်ရှင်လွတ်မြောက်လာသူများကပြောဆိုသည်။

ကားသည် အရှိန်လွန်ကာ တိမ်းမှောက်သွားချိန်အတွင်း ကားထဲတွင် မြန်မာနိုင်ငံသားအလုပ်သမားများ ပိတ်မိနေခဲ့ကြောင်း၊ အဆိုပါ ကားထဲတွင်ပိတ်မိနေသူများနှင့် ဒဏ်ရာရသူများကို ကယ်တင်ကာ တာ့ချ်ခရိုင်ရှိ Mueang ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်း ထိုင်း ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် မဲဆောက်ဒေသရှိ မြန်မာကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများ လာရောက်ခဲ့ကြောင်း၊ ကားပေါ်တွင်လိုက်ပါလာသည့် မြန်မာနိုင်ငံသားများသည် ထိုင်းအစိုးရနှင့် မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာအရ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ရန် စေလွှတ်ခံရသူများဖြစ်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများကဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *