၁. ၁၂. ၂၀၂၂
Written by Ye Kyaw

CB Bank ၏ ATM စက်များတွင် ယနေ့ ဒီဇင်ဘာ ၁ ရက်မှစတင်၍ မည်သည့် ဘဏ်များ၏ MPU Debit ကတ်များဖြင့်မဆို ငွေသားထုတ်ယူနိုင်ပြီဖြစ်ကြောင်း CB Bank မှ ထုတ်ပြန်ထားသည်။

CB Bank ၏ ATM စက်များတွင် မည်သည့်ဘဏ်၏ MPU Debit ကတ်များဖြင့်မဆို တစ်ရက်လျှင် ကျပ်သုံးသိန်းနှုန်းဖြင့် သီတင်းတစ်ပတ်လျှင် ကျပ်ငါးသိန်းအထိ ထုတ်ယူနိုင်ပြီ ဖြစ်သည်။

Customer များ အဆင်ပြေချောမွေ့စေရန်အတွက် CB Bank အနေဖြင့် ငွေသားဖြည့်တင်းမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၁ နှစ်ဆန်းပိုင်းတွင် ဘဏ်များတွင် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုမရှိခြင်း၊ ATM စက်များတွင်လည်း လိုအပ်ချက်အတိုင်း ငွေသားထုတ်ယူနိုင်မှု မရခြင်းများကြောင့် ဘဏ်များအပေါ် ပြည်သူများ ယုံကြည်မှုလျော့ကျခဲ့သည်။

ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ယူရန် ကြိုတင် စာရင်းပေးသွင်းရန်လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၂၀ ရက်တွင် ဘဏ်အချို့ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ပုဂ္ဂလိကဘဏ်များ၏ ATM စက်များ ငွေသားထုတ်ယူမှုပမာဏ ဘဏ်တစ်ခုနှင့် တူညီမှုမရှိဘဲ KBZ ဘဏ်က တစ်ရက် လူတစ်ဦး ကျပ်နှစ်သိန်း၊ ရိုးမဘဏ်က ကျပ်သုံးသိန်း၊ CB ဘဏ်က ကျပ်သုံးသိန်း၊ AGD ဘဏ်က ကျပ် တစ်သိန်းခွဲ စသည်ဖြင့် အသီးသီးထုတ်ပြန်ပြီးနောက် ATM စက်များတွင် ‌‌ငွေသားထုတ်ယူရန် လူတန်းရှည်ကြီးများ ဖြစ်ပေါ်ခဲ့သည့်အပြင် နေရာဦးခအဖြစ် တစ်နေရာကို ကျပ်သောင်းဂဏန်း ပေးခဲ့ရသည့် ‌အခြေအနေများဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ကျပ်ငွေအချင်းအချင်း ရာခိုင်နှုန်းတစ်ခုပေး၍ ငွေသားထုတ်ယူခဲ့ရပြီး ရာခိုင်နှုန်း ၅ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း စသည်ဖြင့် ရာခိုင်နှုန်းအများအပြားပေး၍‌ ကျပ်ငွေအချင်းချင်းလဲလှယ် ထုတ်ယူခဲ့ရသည့် အခြေအနေများဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News