ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်တစ်ခုအား တာဝန်ရှိသူများ စစ်ဆေးနေစဉ်

၁. ၁၂. ၂၀၂၂
Written by Ye Kyaw

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကျဆင်းမှုနက်ရှိင်းလာခဲ့ပြီး ထုတ်လုပ်မှု စွမ်းဆောင်ရည် ဆိုးဝါးနေခြင်းကို အချက်ပြနေကြောင်း ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်ထားသည့် S&P Global မြန်မာထုတ်လုပ်မှု (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကတွေ့ရှိချက်အနေဖြင့် ထုတ်လုပ်မှုသည် နိုဝင်ဘာလတွင် ပိုမိုလျင်မြန်စွာကျဆင်းလာခဲ့ပြီး စျေးနှုန်း ဖိအားပေးမှုများသည် ပြီးခဲ့သည့် အောက်တိုဘာလ၏ အနိမ့်ဆုံးမှ ပြန်ကြီးထွားလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“နောက်ဆုံး PMI ဒေတာက မြန်မာထုတ်လုပ်ရေးကဏ္ဍရဲ့ ဆိုးဝါးလာနေခြင်းကို အချက်ပြနေပါတယ်။ ဖောက်သည်များရဲ့ ဝယ်လိုအားပျော့နေခြင်းက အော်ဒါများနဲ့ ထုတ်လုပ်မှုကို ကန့်သတ်နေချိန်မှာ ကုန်ကြမ်းရှားပါးမှုများနဲ့ လျှပ်စစ်ပြတ်တောက်မှုများကဲ့သို့သော စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရရာ ကုမ္ပဏီများမှာ ထုတ်လုပ်မှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရုန်းကန်နေရပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။

ထုတ်ပြန်ထားသည့် S&P Global မြန်မာထုတ်လုပ်မှု (PMI) အညွှန်းကိန်းသည် ထုတ်လုပ်မှု တိုးတက်လာခြင်းနှင့် ကျဆင်းလာမှုကို ပိုင်းခြားပေးသည့် အပြောင်းအလဲမရှိအမှတ် ၅၀ ထက် နိမ့်နေသည့်နေရာတွင် နိုဝင်ဘာလတွင် မှတ်တမ်းတင်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလ၏ ရမှတ် ၄၅ ဒသမ ၇ ထက် နိမ့်ဆင်းသွားပြီး ၄၄ ဒသမ ၆ အမှတ်သို့ ကျဆင်းသွားခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

PMI အညွှန်းကိန်းအမှတ်များသည် သုည နှင့် ၁၀၀ အထိရှိနိုင်ပြီး အညွှန်းကိန်းအမှတ် ၅၀ အထက်တွင် ရှိနေပါက တိုးတက်မှုကိုပြကာ အညွှန်းအမှတ် ၅၀ အောက်တွင်ရှိပါက ယေဘုယျအားဖြင့် ကျဆင်းမှုကို ညွှန်ပြနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“နိုင်ငံရေးနောက်ခံအခြေအနေ တင်းမာလျက်ရှိနေချိန်မှာ ထုတ်လုပ်ရေးကုမ္ပဏီများရဲ့ အနာဂတ်အလား အလာများမှာ မှောင်မိုက်နေပါတယ်” ဟု Maryam Baluch က ပြောသည်။

ထုတ်လုပ်မှုကဏ္ဍ တစ်ရပ်လုံး၏ စွမ်းဆောင်နိုင်ရည် ကျဆင်းလာခဲ့ခြင်းကြောင့် ယခုလတွင် ပါဝင်ထုတ်လုပ်သူများ၏ ယုံကြည်မှုသည် အားနည်းခဲ့သည်။ ကုန်ကြမ်းရှားပါးမှု၊ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကျငွေကျဆင်းလာမှုက မျှော်လင့်ချက်များအပေါ် ဖိစီးလျက်ရှိပြီး ပါဝင်ဖြေဆိုသူများ၏ သုံးရာခိုင်နှုန်းကသာ လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုကို တိုးချဲ့နိုင်မည်ဟု မျှော်လင့်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *